မုဒုံမြို့၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၅)နှင့် မွန်ရိုးရာလက်ရက်ကန်း သင်တန်းအမှတ်စဉ်(၂၁) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

မုဒုံ မတ် ၂၄

နယ်စပ်ရေးရာဝန်ကြီးဌာနပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း(မုဒုံ)တွင် ယနေ့နံနက် ၈ နာရီခွဲက အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၅)နှင့် မွန်ရိုးရာလက်ရက် ကန်းသင်တန်း အမှတ်စဉ်(၂၁) သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဗိုလ်မှူးကြီးကျော်စွာမြင့်က နယ်စပ်ရေးရာဝန်ကြီးဌာန၏ရည်မှန်းချက်တာဝန်(၂)ရပ်ဖြစ်သည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် နယ်စပ်ဒေသနေ တိုင်းရင်းသားလူငယ်များ၏လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပညာသင်ယူမှု အခွင့်အလမ်းနည်းပါးသော နယ်စပ်ဒေသမှ လူငယ်များအတွက် ပညာသင်ယူနိုင်ရန်ရည်ရွယ်ပြီး နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများ ဖွင့်လှစ်ကာ အခြေခံပညာ သင်ယူနိုင်အောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးစသည့် ကဏ္ဍစုံဖွံ့ဖြိုး တိုးတက်ရေးအတွက် အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် နယ်စပ်ဒေသမှာ နေထိုင်ကြသော တိုင်းရင်းသားလူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ရရှိရန်အတွက် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်းများ၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်း ကျောင်းများကိုလည်း ဖွင့်လှစ်ထားရှိပါကြောင်း၊ မွန်ပြည်နယ်မှာဆိုလျင်  လူငယ်သင်တန်း ကျောင်း(၂)ကျောင်းကို သထုံနှင့်ရေးတို့မှာ ဖွင့်လှစ်ထားပြီး မွန်ပြည်နယ်အနှံ့မှာရှိသည့် ကျောင်းသား၊ ကျောင်းသူများ ပညာဆည်းပူးသင်ယူလျက်ရှိပါကြောင်း၊ အမျိုးသမီးအိမ်တွင်းမှု သင်တန်းကျောင်း(၂)ကျောင်းကို မုဒုံနဲ့ရေးတို့မှာ ဖွင့်လှစ်ထားရှိပြီး တိုင်းရင်းသူလေးများကို အဆင့်မြင့်စက်ချုပ်နဲ့ အိမ်တွင်းမှုဘာသာရပ်များ သင်ကြားပို့ချပေးလျက်ရှိပါကြောင်း သင်တန်းဆင်းအမှာစကားပြောကြားသည်။

ထို့နောက် သင်တန်းထူးချွန်းဆုနှင့် အောင်လက်မှတ်များကို မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှသင်တန်းသူများအား ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ ကျောင်းအုပ်မှ သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ပြီး ခေတ္တဝန်ကြီးချုပ်နှင့် အတူ ဝန်ကြီးများ တာဝန်ရှိသူများက သင်တန်းသူများ ချုပ်လုပ်ထားသည့် လက်ရာများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း(မုဒုံ)ကို ၂၀၀၅ ခုနှစ် မေလ ၁၆ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ အခြေခံအိမ်တွင်းမှု သင်တန်းတက်ရောက်ပြီးသူ ၁၆၈၂ ဦး၊ အဆင့်မြင့်စက်ချုပ်သင်တန်း တက်ရောက်ပြီးသူ ၄၄၆ ဦး၊ ကြိမ်/ဝါး သင်တန်းတက်ရောက် ပြီးသူ ၃၇ ဦး၊ ဟင်းလျာသင်တန်း တက်ရောက်ပြီးသူ ၉ ဦး၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းတက်ရောက်ပြီးသူ ၁၄၄ ဦးနှင့် မွန်ရိုးရာ လက်ရက်ကန်းသင်တန်း တက်ရောက်ပြီးသူ ၇၉ ဦး စုစုပေါင်းသင်တန်းသူ ၂၄၂၇ ဦးကို အောင်မြင်စွာ သင်ကြားမွေးထုတ် ပေးခဲ့ပြီးဖြစ်ပါကြောင်း သိရသည်။

သားငယ်(ပြန်/ဆက်)