မြင်းခြံမြို့၌ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းအတွက် ပိုးသတ်ဆေးဖြန်းခြင်း လှုပ်ရှားမှု ရက်သတ္တပတ် ဆောင်ရွက်

မြင်းခြံ မတ် ၂၄

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းအတွက် ပိုးသတ်ဆေးဖြန်းခြင်း လှုပ်ရှားမှု ရက် သတ္တပတ်ကို မတ်လ ၂၀ ရက်နေ့မှစ၍ လှုပ်ရှားလျက်ရှိကြောင်း သိရသည်။

မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ အောင်ခိုင်ထွေးနှင့် ဝန်ထမ်းများက အမှတ် (၁၅) ရပ်ကွက်ရှိ နို့စားနွားမွေးမြူရေးခြံနှင့် အမှတ် (၂၀) ရပ်ကွက်ရှိ ဥစားကြက်မွေးမြူရေးခြံသို့ သွားရောက်၍ ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ သည်။

"ပိုးသတ်ဆေးဖျန်းခြင်းသည် တိရစ္ဆာန်များသို့ မမြင်နိုင်သော ပိုးမွှားများဝင်ရောက်ခြင်းကို ကာကွယ်နိုင်ပြီး ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်ကြောင်း၊ တိရစ္ဆာန်များ ကူးစက်ရောဂါ အလွယ်တကူမကျရောက်စေရန်နှင့် ဇီဝလုံခြုံမှုမြှင့်တင်ရေးကို အဓိကထား ဦးစားပေး လုပ်ဆောင်ခြင်းဖြစ်ကြောင်း" မြို့နယ်ဦးစီးမှူး ဒေါက်တာ အောင်ခိုင်ထွေးကပြောသည်။

မိမိတို့ မွေးမြူထားသော တိရစ္ဆာန်များတွင် သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ တွေ့ရှိပါက မြို့နယ်မွေးမြူရေးအဖွဲ့ချုပ်၊ နီးစပ်ရာ အုပ်ချုပ်ရေးအဖွဲ့နှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးသို့ ဆက်သွယ်အကူအညီတောင်းနိုင်ပါကြောင်းနှင့် အဆိုပါပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို မတ် ၂၀ ရက်မှ ၂၆ ရက်အထိ ရက်သတ္တပတ်ကြာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)