ကွမ်းခြံကုန်း မတ် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီမှလှူဒါန်းသည့် စာအုပ်စာစောင်များအား ထပ်ဆင့်လှူဒါန်းပွဲနှင့် စာကြည့်တိုက်ဆိုင်ရာဆွေးနွေးပွဲကို ယမန်နေ့ကကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါလှူဒါန်းပွဲအား မြို့နယ်စာကြည့်တိုက်များကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသန်းမြင့်က (သန်းမြင့်သန်း-ကွမ်းခြံကုန်း) စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒေါ်နန့်ဆွေနွယ်ဦးက မြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များသို့ စာအုပ်စာစောင်များလှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ကျေးရွာစာကြည့်တိုက်များမှ စာကြည့်တိုက်ကော်မတီဝင်များနှင့် စာကြည့်တိုက်မှူးများက မိမိတို့၏ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်မှုကော်မတီမှ လှူဒါန်းသောစာအုပ်စာစောင်များကို မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဦးသန်းမြင့်နှင့်အဖွဲ့ဝင်များက ထပ်ဆင့်လှူဒါန်းရာ တိုက်ကြီးကျေးရွာအလင်းသစ်စာကြည့်တိုက်ဥက္ကဋ္ဌနှင့် ကမာပါကျေးရွာမှ စာကြည့်တိုက်တို့က အသီးသီးလက်ခံရယူခဲ့ကြောင်း သိရသည်။
ဆွေနွယ်(IPRD)