ထားဝယ်မြို့တွင်မီးဘေးလုံခြုံရေးတာဝန်ခံ  သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ထားဝယ်   မတ် ၂၄

တနင်္သာရီတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှဦးစီးဖွင့်လှစ်သော မီးဘေးလုံခြုံရေးတာဝန်ခံ (Fire Safety Manager Course for Gover nment Officials) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနရုံး၌ကျင်းပခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးဦးဇော်လင်းထွန်းက  နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် ကြီးမားသော အနှောင့်အယှက်အဟန့်အတားဖြစ်သည့် မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များရင်ဆိုင်ကြုံတွေ့လာပါက အချိန်နှင့် တစ်ပြေးညီလျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန်၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းမီးဘေး ကာကွယ်ရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်နှင့် ပြည်သူလူထုအတွင်း မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအသိပညာများစိမ့်ဝင်ပျံ့နှံ့စေရန်အပြင်သက်ဆိုင်ရာဌာနအလိုက် မိမိတို့ဌာန၏ မီးဘေးလုံခြုံရေး စီမံချက်များကိုရေးဆွဲသည့်အခါ မြေပြင်၌လက်တွေ့ကျကျ ဆောင်ရွက်နိုင်သောစီမံချက်တစ်စောင်ကောင်းမွန်စွာရေးဆွဲတတ် စေရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းက ပို့ချပေးလိုက်သော မီးသတ်ပညာရပ်ဆိုင်ရာဗဟုသုတများကို အခြေခံပြီး ခေတ်နှင့်အညီ ရင်ဘောင်တန်းနိုင်အောင် အမြဲမပြတ်တိုးတက်ဆန်း သစ်နေသောကမ္ဘာ့အရပ်ရပ်က မီးဘေးလုံခြုံရေးဆိုင်ရာ ဗဟုသုတများကို ဆက်လက်ရှာဖွေလေ့လာသွားကြရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးနှင့် နိုင်ငံတော်အတွက် အကျိုးရှိစေမည့် မီးဘေးလုံခြုံရေးစီမံချက်ကောင်းများကို ရေးဆွဲအကောင်အထည်ဖော်နိုင် ရန်လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက်ဌာနဆိုင်ရာ သင်တန်းသား(၅၀)ဦးအား တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးက သင်တန်းဆင်း လက်မှတ်ပေးအပ်ခဲ့ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)