မောက်မယ်မြို့နယ်၌ တိုင်းရင်းသားရိုးရာ စုပေါင်းရှင်ပြုရဟန်းခံပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

မောက်မယ် မတ် ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ဆီဆုံရပ်ကွက်ရှိ မြို့သမိုင်းဝင် ရှေးဟောင်းကျောင်း(မောက်စံ)ဆရာတော်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ ကြီးမှူးကျင်းပသည့် တိုင်းရင်းသားရိုးရာ စုပေါင်းရှင်ပြုရဟန်းခံပွဲကို မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ရှင်လောင်းအကြိုပွဲကို စည်ကားသိုက်မြိုက်စွာ စတင်ကျင်းပခဲ့ကြောင်း သိရသည်။ 

ရှေးဦးစွာ မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ရှေးဟောင်းမောက်စံကျောင်းဆရာတော်ဘုရားထံ ရတနာသုံးပါးကန်တော့၍ ငါးပါးသီလခံယူပြီး မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ လှည့်လည်ကန်တော့ကြသည်။ အဆိုပါပွဲတော်တွင် ရှင်သာမဏေလောင်း(၁၄)ပါးကို အလှဆင်ပြီး ပုခုံးပေါ်ထမ်း၍ ဒေသခံတိုင်းရင်းသားပြည်သူများက ရှမ်းအိုးစည်များဖြင့် ပျော်ပျော်ရွင်ရွင်ဆင်နွဲခဲ့ ကြသည်။ ရှင်လောင်းပွဲတော်ကို မတ်လ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ လေးရက်တာ ဖိတ်ကြားထားသော ဒေသခံပြည်သူများသာမက ရပ်ဝေးရပ်နီးဧည့်သည်များအား စားသောက်ဖွယ်ရာများ၊ အချိုရည်များဖြင့် ဧည့်ခံကျွေးမွေးကြပြီး ယမန်နေ့ ညနေ ၄ နာရီတွင် အလှဆင်ထားသည့် ရှင်သာမဏေလောင်းများ၊ လှူဖွယ်ပစ္စည်းများ၊ ပဒေသာပင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက ရှမ်းအိုးစည်ဗုံမောင်းများတို့ဖြင့် စည်ကားသိုက်မြိုက်စွာ မြို့ပေါ်ရပ်ကွက်အတွင်း အလှူလှည့်လည်ကြပြီး ယနေ့နေ့လယ်(၂)နာရီ ရှေးဟောင်းမောက်စံဘုန်းတော်ကြီးကျောင်းတွင် ရှင်သာမဏေလောင်းများအား ရှင်သာမဏေအဖြစ် ရဟန်းဘဝသို့သွပ်သွင်း၍ ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော်များထံတွင် ရတနာသုံးပါး ကန်တော့၍ ငါးပါးသီလခံယူပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြမည်ဖြစ်ကြောင်း သိရသည်။    

စိုင်းမျိုးသန့်(မောက်မယ်)