မိုင်းယောင်း မတ် ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်း ထင်ခန်းမ၌ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသက်ဆွေနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများ တက်ရောက်ခဲ့ကြသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ၁၃၈၄ ခုနှစ်၊ မြန်မာ့ ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အတွက် သက်ဆိုင်ရာကော်မတီများအလိုက် တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယခင်နှစ် များက ကျင်းပခဲ့သည့် အားသာချက်များအား နမူနာယူ၍ အားနည်းချက်များ ကိုလည်း ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြည်သူများ ပါဝင်ဆင်နွှဲနိုင်ရေး၊ ပြည်သူများ အန္တရာယ်ကင်းစွာ ရေကစားနိုင်ရေး၊ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေး ကိစ္စရပ်များကိုလည်း အလေးထားဆောင်ရွက်ရန်လိုပါကြောင်း အဖွင့်အမှာစကား ပြောကြား သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဗဟိုမဏ္ဍပ်ဆောက်လုပ်ခြင်း၊ ဗဟိုမဏ္ဍပ်ဖွင့်ပွဲနှင့် ပိတ်ပွဲနေ့ရက်နှင့် အချိန်များ၊ မဟာသင်္ကြန် ကျင်းပမည့်နေ့ရက်နှင့် အချိန်များ၊ ဗဟိုမဏ္ဍပ် တာဝန်ခံများနှင့် ကြီးကြပ်သူများ၊ ဗဟိုမဏ္ဍပ်ဖျော်ဖြေရေးအဖွဲ့များနှင့် အပျိုတော်ထိန်းများ၊ စတုဒိသာကျွေးမွေးမည့်အလှူရှင်များ၊ ဧည့်ခံကျွေးမွေးမည့်အဖွဲ့များ၊ သက်ကြီးပူဇော်ပွဲ၊ လုံခြုံရေးအဖွဲ့များ၊ မီးဘေးလုံခြုံရေးအဖွဲ့များ၊ ကျန်းမာရေးအဖွဲ့များ ဖွဲ့စည်းထားရှိမှုများနှင့် မဟာသင်္ကြန်ပွဲတော်ကျင်းပရေးဆိုင်ရာ အစီအမံများအား ရှင်းလင်းတင်ပြပြီး ဖွဲ့စည်းထားရှိသည့်အဖွဲ့များက သက်ဆိုင်ရာအလိုက် ဆောင်ရွက်မည့် အစီအမံများနှင့် အထွေထွေဆွေးနွေး တင်ပြချက်များအပေါ် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ မိုင်းယောင်းခရိုင်ကိုယ်စားပြု U15 ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး၊ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေးနိုင်ရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း