ဒလမြို့နယ် ချယ်ရီသင်္ဘောဆိပ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကျင်းပ

ဒလ မတ် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ချယ်ရီသင်္ဘောဆိပ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပသည်။

ဟောပြောပွဲတွင် ကုန်စည်သယ်ယူပို့ဆောင်ရေး လက်ထောက်အထွေထွေမန်နေဂျာ ဉီးလှဝင်းနိုင်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဉီးစီးမှူး ဉီးဇာနည်ထက်က မီးလောင်ကျွမ်းရခြင်း၏သဘောတရားများ၊ မီးသတ်ဆေးဘူးအသုံးပြုပုံများနှင့် မီးဘေးအန္တရာယ်ကြောင့် ပစ္စည်းဥစ္စာများသာမက အသက်ပါဆုံးရှုံးတတ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဉီးစီးဌာနမှ ဝန်ထမ်းများက မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အမြန်ဆုံးမီးငြိမ်းသတ်ခြင်း၊ မီးသတ်ဆေးဘူးအသုံးပြုငြှိမ်းသတ်ခြင်း၊ အဝတ်ရေစိုဖြင့်မီးငြှိမ်းသတ်ခြင်းနှင့် ဂတ်(စ်)မီးဖိုတွင်မီးအသုံးပြုစဉ် မီးလောင်မှုဖြစ်ပွားပါက အောက်ဆီဂျင်ဖြတ်တောက် မီးငြှိမ်းသတ်ခြင်းများ ကနဉီးရှင်းလင်း ပြောကြား၍ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး ရေယာဉ်မှူးများ၊ ဝန်ထမ်းများနှင့်အတူ သရုပ်ပြဇာတ်တိုက် လေ့ကျင့် ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှသက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဉီးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ဒလ (ပြန်/ဆက်)