ဥတ္တရသီရိ မတ် ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ပထမအကြိမ် မြို့နယ်အဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ အစည်းအဝေးနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် ဥတ္တရသီရိမြို့နယ် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ဦးရဲမြတ်သိန်းက အမှာစကားပြောကြားရာ ဥတ္တရသီရိမြို့နယ်တွင် သစ်တောဖုံးလွှမ်းမှုများပြားပြီး၊ ရေအရင်းအမြစ်ပေါများ ကောင်းမွန်သည့်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ကောင်းမွန်စွာ ဆောင်ရွက်နိုင်ပြီး မြို့ပြနှင့်ကျေးလက်ဒေသများအကြား သွားလာဆက်သွယ်ရန် လွယ်ကူစေမည့် လမ်းတံတားကွန်ယက်စနစ်များအပြင် ကျေးလက်ဒေသများအထိ လျှပ်စစ်ဓာတ်အားရရှိပြီးဖြစ်ကြောင်း၊ မြို့ပြနှင့် ကျေးလက်ဒေသများအကြား အလပ်မရှိ တစ်ပြေးညီ ပိုမိုဖွံ့ဖြိုးကျယ်ပြန့်လျက်ရှိသည့်အတွက် မြို့နယ်စည်ပင်သာယာရေး၊ လျှပ်စစ်၊ ဆောက်လုပ်ရေး၊ သစ်တောနှင့်သယံဇာတထိန်းသိန်းရေး၊ စက်မှုလက်မှုနှင့် လယ်၊ ယာ၊ အသား၊ ငါးအစရှိသည့် ကဏ္ဍများအပါအဝင် အခြားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ ဥတ္တရသီရိမြို့နယ် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှု ကော်မတီအတွင်းရေးမှူး ဦးကျော်မျိုးလင်းနှင့် အဖွဲ့ဝင်များက ဌာနအလိုက် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်ချက်များအား တင်ပြဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက်များအပေါ် ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်စွာဟိန်း(ပြန်/ဆက်)