စဉ့်ကူး မတ် ၂၃
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင် က ၂၀၂၃ ခုနှစ် ပါဠိပထမပြန် စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ဆပ်ကော်မတီများ ဖွဲ့စည်းပေးထားပြီးဖြစ်သည့်အတွက် ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် သင်္ကြန်မဏ္ဍပ်ဆောက်လုပ်နိုင်ရေး၊ ဘဏ္ဍာငွေရှာဖွေရေး၊ အခမ်းအနားပြင်ဆင်ရေး၊ ယိမ်းအဖွဲ့များဖြင့် ကပြဖျော်ဖြေနိုင်ရေး၊ ရေကစားရန်ရေရရှိရေး၊ စတုဒိသာကျွေးမွေး လှူဒါန်းကြရေးတို့အတွက် ဆပ်ကော်မတီအသီးသီး ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဌာနများအလိုက် ဖွဲ့စည်းပေးထားသည့် ကော်မတီများဖြင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အခက်အခဲများရှိပါက ပြန်လည်တင်ပြကြစေလိုကြောင်း စသည့်အချက်များကို အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် (၁) ဗိုလ်မှူးသော်တာထွန်းနှင့် အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်နီချစ် တို့က မြို့နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် သင်္ကြန်မဏ္ဍပ်များတွင် အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေး လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကဏ္ဍအလိုက် ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ရှေ့ဆက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပေါင်းစပ်ညှိနှိုင်းပေးရမည့် ကိစ္စရပ်များအားတင်ပြခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
တင်ဇာလွင်(ပြန်/ဆက်)