သံဖြူဇရပ်မြို့နယ်၌ ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း ပြုလုပ်

သံဖြူဇရပ် မတ် ၂၃

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီတို့ပူးပေါင်း၍ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သဏ္ဌာဍန်တူဇာတ်တိုက် လေ့ကျင့်ခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀)အချိန်က အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

​ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဦးအောင်သန်းက သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာလျှင် ရှောင်ရှားရမည့်အချက်များနှင့် လိုက်နာရမည့်အချက်များကို အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးသူရဦးက ငလျင်ဘေးအတွက်ကြိုတင်ပြင်ဆင်ရန်လိုအပ်သည့်အချက်များ၊ ငလျင်လှုပ်နေစဥ်တွင် လိုက်နာရန်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ​မြို့နယ်ဦးစီးမှူးဦးအောင်ကျော်ထွေးက ဘေးအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရမည့် အခြေအနေများကိုပြောကြားပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစိုးမင်းက ငလျင်ဘေးအန္တရာယ်ဖြစ်ပေါ်လာပုံ အဆင့်ဆင့်ကို အသိပညာ​ပေးပြောကြားသည်။

ထို့နောက်သဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်ရာ ငလျင်လှုပ်ပါက ဆောင်ရွက်ရမည့်အစီအစဉ်၊ ငလျင်လှုပ်ပြီးပါက ဘေးလွတ်ရာသို့ထွက်ခွာရမည့်အစီအစဉ်၊ ရှာဖွေကယ်ဆယ်ရေးအစီအစဉ်များကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများကသရုပ်ပြခြင်း၊ ရှာဖွေကယ်ဆယ်ရာတွင် တွေ့ရှိသောလူနာများအား ရှေးဦးပြုစုပြီး ဒဏ်ရာအပေါ်မူတည်၍    ဆေးရုံပို့ဆောင်ခြင်းများကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ သဏ္ဌာဍန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများ ပြုလုပ်သည်။

ဇာတ်တိုက်လေ့ကျင့်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဦးအောင်သန်း၊ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်/ကျေးရွာများမှအုပ်ချုပ်ရေးမှူးနှင့် ပြည်သူများ တက်ရောက်ကြကြောင်းနှင့် ငလျင်အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)