သရက်ချောင်းမြို့နယ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် လူရွေးချယ်ပွဲကျင်းပ

သရက်ချောင်း   မတ်    ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ အားကစားသမားများနှင့် မြို့ပေါ်ရပ်ကွက်များမှ အားကစားသမားများက မြို့နယ်ပေါင်းစုံ အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် လူရွေးချယ်ပွဲကို မတ်လ ၂၂ ရက်နေ့ ညနေပိုင်းက သရက်ချောင်းမြို့၊ ပန်းတောဘော်လုံးကွင်းတွင် ကျင်းပခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် သရက်ချောင်းမြို့နယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူက အားကစားသမားများအနေဖြင့် ယခုပွဲဆိုရင် လူရွေးပွဲဖြစ်သော်လည်း စည်းကမ်းရှိစွာ ကစားစေလိုကြောင်း၊ လူရွေးခံရသောကစားသမားများအနေဖြင့် နည်းပြဆရာများနှင့် ကြီးကြပ်သူများ၏ စည်းကမ်းများကိုလိုက်နာစေလိုကြောင်း၊ မြို့နယ်အနေဖြင့် မြို့နယ်ပေါင်းစုံ အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲမှတဆင့် ထူးချွန်အားကစားသမားများ ပေါ်ထွက်စေလိုကြောင်း စသည်ဖြင့်ပြောကြားပြီး အဆိုပါလူရွေးပွဲအား စတင်ခဲ့သည်။

ထို့နောက် မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘော်လုံးပြိုင်ပွဲယှဉ်ပြိုင်ရန် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရွေးချယ်ရေးအဖွဲ့မှ ဂိုးသမား (၂)ဦးနှင့် အနောက်တန်း၊ အလယ်တန်း၊ အရှေ့တန်းကစားသမား (၆)ဦးစီ၊ စုစုပေါင်း (၂၀)ဦးတို့အား အသီးသီးရွေးချယ်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(သရက်ချောင်း)