ရပ်စောက် မတ် ၂၃
(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ အလည်ချောင်ကျေးရွာအုပ်စု၊ ကျောက်ဆုံကုန်းကျေးရွာ၌ ဘက်စုံသုံးအဆောက်အဦဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါအဆောက်အဦသစ်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရပ်စောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းစိုးနိုင် ကအမှာစကား အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှေးရယ်က ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျောက်ဆုံကုန်းကျေးရွာ ဘက်စုံသုံးအဆောက်အဦကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာမှကော်မတီဝင်များ၊ ရပ်မိရပ်ဖများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
အဆိုပါ ဘက်စုံသုံးအဆောက်အဦမှာ အလျား (၅၀)ပေ၊ အနံ(၂၀)ပေ၊ အမြင့်(၁၂)ပေရှိပြီး ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှု၊ နည်းပညာပံ့ပိုးမှုတို့ဖြင့် ကျေးရွာပြည်သူလူထုကိုယ်တိုင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းရန်ပုံငွေကျပ် (၁၀)သန်းနှင့် ပြည်သူထည့်ဝင်ငွေ(၃.၅)သန်း၊ စုစုပေါင်းရန်ပုံငွေကျပ် (၁၃.၅)သန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။
ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာမှကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ကျေးရွာသူကျေးရွာသား စုစုပေါင်း(၁၀၀)ဦးခန့်တက်ရောက်ကြောင်း သိရသည်။
ဆုမွန်(ရပ်စောက်)