မော်လမြိုင် မတ် ၂၃
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် အခြေခံပညာဦးစီးဌာနနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် နိုင်ငံဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် ကျောင်းပညာရေးတွင် ဖြောင့်မတ်တည်ကြည်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၈) အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းခန်းမ၌ကျင်းပရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူး ဦးဖြူစိုးကြည်က အဂတိလိုက်စားမှု၏ သဘောသဘာဝ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရာတွင် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဌ၊ ဖြောင့်မတ်တည်ကြည်မှုနှင့်ကျောင်းပညာရေးကဏ္ဌ၊ နိုင်ငံတကာမှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနည်းလမ်းများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ကျောင်းပညာရေးကဏ္ဌမှရရှိမည့် အကျိုးကျေးဇူးများစသည့် အကြောင်းအရာများအား ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲကို “အဂတိကင်းစင်ဖို့ ကျင့်ဝတ်လိုက်နာကြပါစို့ “ အဂတိပယ်ခွာ ပြည်သာယာဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့”ဆောင်ပုဒ်နှင့်အညီ နိုင်ငံဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် ကျောင်းပညာရေးတွင် ဖြောင့်မတ်တည်ကြည်မှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ခရိုင်ပြန်/ဆက်)