ပွင့်ဖြူ မတ် ၂၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ဖလံတောကျေးရွာ၌ မုန်းချောင်းရေနှင့် မြေအောင်ရေကို အကျိုးရှိစွာအသုံးချပြီး တစ်ပိုင်တစ်နိုင် ကီလိုမာလကာသီးစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသူများ အောင်မြင်ဖြစ်ထွန်းပြီး ရောင်းချရာတွင်လည်း ဈေးကောင်းရရှိသဖြင့် လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း အဆိုပါကျေးရွာရှိ ဒေသခံတောင်သူများထံမှ သိရသည်။
ပွင့်ဖြူမြို့နယ် ဖလံတောကျေးရွာရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေအဆင်ပြေမှုနှင့် စိုက်ပျိုးမြေကောင်းမွန်သဖြင့် မိသားစုဝင်ငွေတိုးပွားရေးအတွက် တစ်နှစ်ပတ်လုံးစိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရကာ ယခုလို ပွင့်လင်းရာသီကာလ၌ နေ့စဉ်ဝင်ငွေရရှိသည့် စားဖိုဆောင်ဟင်းသီးဟင်းရွက်သီးနှံများနှင့် ဘုရားပန်းမျိုးစုံတို့ကို အဓိကစိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။ အချို့တောင်သူများက တစ်ပိုင်တစ်နိုင် ကီလိုမာလကာသီးစိုက်ပျိုးရေးလုပ်ငန်းအား စမ်းသပ်စိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်းမှုရှိကာ ခြံထွက်ကီလိုမာလကာသီးများမှာ စားသုံးသူဘေးကင်းလုံခြုံစေရေးအတွက် အော်ဂဲနစ်နည်းစနစ်ဖြင့် စနစ်တကျစိုက်ပျိုးထားသည့်အတွက် ဈေးကွက်တွင် ဝယ်ယူစားသုံးသူများ၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ဒေသမှာ မုန်းချောင်းရေနဲ့ မြေအောက်ရေကို အကျိုးရှိစွာအသုံးချပြီး မိသားစုဝင်ငွေတိုးပွားရေးအတွက် တစ်နှစ်ပတ်လုံးစိုက်ပျိုးရေးလုပ်ငန်းကို အားထားလုပ်ကိုင်ကြတယ်။ ယခုလို ပွင့်လင်းရာသီကာလမှာဆိုရင် ဒေသခံတောင်သူတွေက ဈေးကွက်အခြေအနေပေါ်မူတည်ပြီး နေ့စဉ်ဝင်ငွေရရှိတဲ့ စားဖိုဆောင်သီးနှံမျိုးစုံ၊ ဘုရားပန်းမျိုးစုံနဲ့ သစ်သီးဝလံများကို အဓိကစိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ ယခုဆိုရင် ကျွန်တော်တို့ဒေသမှာ ကီလိုမာလကာသီး စိုက်ပျိုးရေးလုပ်ငန်းဟာ အောင်မြင်ဖြစ်ထွန်းမှုရှိတဲ့အပြင် ရောင်းချရာတွင်လဲ ဈေးကောင်းရရှိကြလို့ စီးပွားရေးတွက်ခြေကိုက်နေကြတယ်။ ကီလိုမာလကာသီးစိုက်ပျိုးရာတွင် ပျိုးပင်ချစိုက်ပျိုးနိုင်သလို ကိုင်းကူးစိုက်နည်းစနစ်နဲ့လဲ စိုက်ပျိုးလို့ရတယ်။ ပျိုးပင်စိုက်ပျိုးပါက အသီးဆွတ်ခူးရောင်းချဖို့အတွက် အနည်းဆုံး(၅)နှစ်ခန့်ကြာမြင့်ပါတယ်၊ ကိုင်းကူးနည်းစနစ်နဲ့ စိုက်ပျိုးမယ်ဆိုရင်တော့ တစ်နှစ်ခန့်ရှိရင် စတင်ဆွတ်ခူးရောင်းချလို့ရပါတယ်ဗျ။ နောက်ပြီး ကီလိုမာလကာသီး စိုက်ပျိုးရာမှာ စားသုံးသူဘေးကင်းလုံခြုံစေဖို့ အော်ဂဲနစ်နည်းစနစ်နဲ့ စိုက်ပျိုးတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ကီလို မာလကာသီး တစ်ပိဿာကိုငွေကျပ် ၂၀၀၀ ဈေးနဲ့ရောင်းချရလို့ ပြီးခဲ့တဲ့နှစ်ကထက် ဈေးပိုရလို့ စီးပွားရေးတွက်ခြေကိုက်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် ဖလံတောကျေးရွာမှ တစ်ပိုင်တစ်နိုင် ကီလိုမာလကာသီးစိုက်ပျိုးတောင်သူ ကိုဖိုးလှိုင်က ပြောသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)