ကြံခင်းမြို့နယ်တွင်၂၀၂၃ ခုနှစ်၊ နွေရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲနှင့်   ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ကြံခင်း မတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနက ၂၀၂၃ခုနှစ်၊ နွေရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လည်ပိုင်းက ကြံခင်းမြို့နယ် အားကစားခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က ယခုလိုသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် စိတ်ဓာတ်ကျန်းမာကြံ့ခိုင်သော အနာဂါတ် မျိုးဆက်သစ် အားကစားသမားကောင်းများ မွေးထုတ်ပေးနိုင်မှာဖြစ်သလို အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ရိုးရာခြင်းအားကစားအဖွဲ့မှ သရုပ်ပြဖျော်ဖြေတင်ဆက်ခြင်း၊ ကရာတေး အားကစားအဖွဲ့မှ ကရာတေးတိုက်ကွက်များဖြင့် သရုပ်ပြသကြပြီးနောက် ခရိုင်အဆင့် အသက် (၁၅)နှစ်အောက် ဘောလုံးအားကစားပြိုင်ပွဲတွင် ရွေးချယ်ခံရသော အားကစားသမား မောင်ပြည့်ဘုန်းမြတ်နှင့် မောင်ညီညီပိုင်တို့အား မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များက ဂုဏ်ပြုဆုချီးမြှင့်ကြသည်။

ဆက်လက်ပြီး သင်တန်းနည်းပြ   ဆရာ/ဆရာမများနှင့် သင်တန်းတွင် ထူးချွန်သော အားကစားသမားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ၊ချီးမြှင့်ပြီး Fitness Dance အားကစားအဖွဲ့မှ သရုပ်ပြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

အဆိုပါ အခမ်းအနားသို့ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိမ့်သိမ့်နွေးနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အဖွဲ့များ၊ မြို့နယ် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊  သင်တန်းနည်းပြများနှင့် သင်တန်းသား/သူများ တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)