မင်းဘူးမြို့၌ ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

မင်းဘူး မတ် ၂၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူမြို့၌ ၂၀၂၃ ခုနှစ်၊ မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ခရိုင်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ဦးစွာ အစည်းအဝေးတွင် မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက ၂၀၂၃ ခုနှစ်၊ မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးနှင့်စဉ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားပြီး၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး တင့်ကျော်နှင့် အတွင်းရေးမှူ ခရိုင်ရဲ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မောင်မောင်တို့က ခရိုင်နှင့်မြို့နယ်များတွင် နယ်မြေတည်ငြိမ် အေးချမ်းရေးနှင့် သင်္ကြန်မဏ္ဍပ်များတွင် အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေး လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာသော ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ သင်္ကြန်ပွဲ တော်တွင် ဌာနအလိုက် ပူပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းများ၊ မိမိတို့ဌာနအလိုက် လုပ်ငန်း ဆောင်ရွက်ချက်များနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများ၏ အားနည်းချက်၊ အားသာချက်များအား ရှင်းလင်းတင်ပြမှုများအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်မှာ ကြားပြီး လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မင်းဘူးမြို့၌ ၂၀၂၃ ခုနှစ်၊ မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်တွင် ဌာနဆိုင်ရာ ယိမ်းအဖွဲ့များ၊ မြို့ပေါ်ရပ်ကွက်ကြီး (၄)ရပ်ကွက်မှ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များဖြင့် ထည့်သွင်းကျင်းပ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သင်္ကြန်ပွဲတော် ကျင်းပစဉ်ကာလအတွင်း ဗဟိုမဏ္ဍပ်၌ လာရောက်ပါဝင် ဆင်နွှဲသူများအား ဧည့်ခံဖျော်ဖြေရေးအစီအစဉ်များအပြင် စတုဒီသာများဖြင့် ဧည့်ခံ ကျွေးမွေးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် နှစ်ဆန်းတစ်ရက်နေ့၌ မြို့ပေါ်ရပ်ကွက်များတွင် အန္တရာယ် ကင်းပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ် ပူဇော်ခြင်းနှင့် သက်ကြီးဘိုးဘွားပူဇော်ပွဲများကိုပါ ကျင်းပဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)