စလင်း မတ်လ ၂၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ အခြေခံရှေးဦး ပြုစုခြင်းသင်တန်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမဆောင်တွင် မတ်လ ၂၁ ရက် နံနက် ၈ နာရီအချိန်ကစတင်ကာ ညနေ ၄ နာရီ ၃၀မိနစ် အချိန်အထိ ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
သင်တန်းတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲနည်းပြ ဦးမင်းအောင်၊ ဦးကောင်းဖြိုးမင်း စလင်းမြို့၊ ဦးကျော်စိန်မြ ရေနံချောင်းမြို့၊ ဦးသုထက်အောင်၊ ဒေါ်မိုးသီတာ၊ ဦးမိုးခိုင်စိုး ဆင်ဖြူကျွန်းမြို့တို့နှင့် အကူနည်းပြ ဦးသူရမြင့်ဝေ စလင်းမြို့၊ ဒေါ်နွေးနွေး ဆင်ဖြူကျွန်းမြို့ တို့မှ ဦးဆောင်၍ နည်းပြများဖြင့် အခြေခံရှေးဦးပြုစုခြင်းသင်တန်းကို စာတွေ့လက်တွေ့ သင်ကြားပေးလျက်ရှိသည်၊ မြို့နယ်ကြက်ခြေနီ အသင်းခွဲအနေဖြင့် အခြေခံရှေးဦးပြုစုခြင်း သင်တန်းကို မြို့နယ်အတွင်း နှစ်စဥ်ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ဘေးအန္တရာယ်များ ကြုံတွေ့လာပါက ပြည်သူများ အရေးပေါ်ပြုစုကုသနိုင်ရန်ရည်ရွယ်၍ သင်တန်းအား ဖွင့်လှစ်ပို့ချခဲ့သည်။ သင်တန်းတွင် နည်းပြအသီးသီးတို့မှ ကြက်ခြေနီဖခင်ကြီး ဟင်နရီဒူးနန့် စတင်ပေါ်ပေါက်လာပုံ ကြက်ခြေနီအမှတ်အသားများအကြောင်းကို ရှင်းလင်းပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်း၏ အခြေခံမူ(၇)ချက်မှ လူသားအချင်းချင်း စာနာထောက်ထား ခြင်း၊ ခွဲခြားမှုမရှိခြင်း၊ ကြားနေခြင်း၊ လွတ်လပ်ခြင်း၊ စေတနာ့ဝန်ထမ်းအကျိုးဆောင်ခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ ကမ္ဘာတစ်ဝန်းပျံနှံ့ခြင်း စသည့်မူဝါဒအချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းနည်းပြများမှ ကြက်ခြေနီအသင်း၏ ဘာသာရပ်အလိုက် သင်းကြားပို့ချခဲ့သည်။ အဆိုပါသင်တန်းတွင် သင်တန်းနည်းပြ (၈) ဦး ကြက်ခြေနီအသင်းဝင်များ၊ သင်တန်းသား(၂၁)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းအား မတ်လ ၂၁ ရက်နေ့မှ မတ်လ ၂၃ ရက်နေ့အထိ နံနက် ၈ နာရီမှ ညနေ ၄ နာရီ ၃၀မိနစ် အချိန်အထိ ၃ ရက်တာမျှ စာတွေ့လက်တွေ့ သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက သင်တန်းဆင်းလက်မှတ်များ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်၊စလင်းမြို့