ချောင်းဦးမြို့ ပြည်သူ့ဆေးရုံကြီးတွင် မွေးကင်းစမှ အသက် ၁နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး

ချောင်းဦး မတ် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့ နံနက်ပိုင်းမှ နေ့လယ်ပိုင်းအထိ မွေးကင်းစမှ အသက်၁နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ထိုးပေးနေကြဖြစ်သည့် တိုးချဲ့ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး စစ်ဆေး၍ မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးရာ လာရောက်ထိုးနှံသူ များပြားခဲ့ကြောင်း သိရသည်။

ချောင်းဦးမြို့တွင်  ကလေးငယ်များ ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို  ၂၀၂၂နှစ် နှစ်ဦးပိုင်းမှ စတင်ပြီး မြို့နယ်ဆရာဝန် ဒေါက်တာကျော်နိုင်နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန သားဖွား ဆရာမများ၊ ကြီးကြပ်-၂များမှ ထိုးနှံပေးနိုင်ရေး ဆောင်ရွက်ခဲ့သည်။ နောက်ပိုင်းလများတွင် လစဥ် လဆန်း ၇ ရက်နေ့တိုင်း ချောင်းဦးမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် စုရပ်ပြုလုပ်ပြီး ထိုးနှံပေးခဲ့ရာ တစ်လထက်တစ်လ လူသိများလာပြီး ကျေးရွာအုပ်စုများမှ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင် မိခင်များ များပြားစွာ လာရောက်ထိုးနှံကြ​သောကြောင့် လလယ်ပိုင်း ၂၁ရက်နေ့တွင် ထပ်တိုး ထိုးနှံပေးနေကြောင်း သိရသည်။ ဘီစီဂျီ၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်၊ ဝက်သက် ဂျိုက်သိုး၊  ငါးမျိုးစပ် ကာကွယ်ဆေးများကို ယမန်နေ့ နံနက်ပိုင်းက ကလေးငယ် ၁၇၅ ဦး ထိုးနှံပေးခဲ့ကြောင်း၊ ကိုယ်ဝန်ဆောင်မိခင် ၅၄ ဦးကို ကျန်းမာရေးစစ်ဆေး၍ ကိုယ်ဝန်ဆောင် အားဆေးပေးပြီး မေးခိုင် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ချောင်းဦးမြို့တွင် မွေးကင်းစမှ ၁နှစ်ခွဲ အရွယ်ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ထိုးနှံပေးနေသည့် ကာကွယ်ဆေးထိုးလုပ်ငန်းကို ချောင်းဦးမြို့ ပြည်သူ့ဆေးရုံကြီးတွင် လစဥ် လဆန်း၇ ရက်နေ့နှင့် ၂၁ရက်နေ့တို့တွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ မွေးကင်းစမှ ၁နှစ်ခွဲအထိ ဆိုသော်လည်း ၅နှစ်သားအထိ ကာကွယ်ဆေးမထိုးနှံရသေးသည့် ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ကျော်နိုင် ပြောကြားချက်အရ သိရသည်။

ဝင်းမြင့်အောင် (ပြန်ဆက်)