မင်းလှမြို့၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

အထက်မင်းလှ မတ် ၂၂

  မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်  (၉:၃၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ၂၀၂၃ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများအား ဖွဲ့စည်းပေးထားသည့်  ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများအလိုက် စုပေါင်း၍ ဆောင်ရွက် သွားကြရန်၊ သင်္ကြန်မဏ္ဍပ်တည်ဆောက်ရေး၊ ရပ်ကွက်အသီးသီးမှ အကအလှ ယိမ်းအဖွဲ့များဖြင့် ကပြဖျော်ဖြေနိုင်ရေး၊ ရေကစားကြရန် ရေရရှိရေး၊ စတုဒိသာ ကျွေးမွေးရေး၊ နှစ်ဆန်း(၁)ရက်နေ့တွင် ပရိတ်တရားနာယူရန်နှင့် သက်ကြီးပူဇော်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြော ကြားခဲ့သည်။  

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက မဟာသင်္ကြန် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဘဏ္ဍာငွေရှာဖွေရေးကော်မတီ၊ ဖျော်ဖြေရေး၊ ဧည့်ခံကျွေးမွေးရေး၊ အခမ်းအနား ပြင်ဆင်ရေး ဆပ်ကော်မတီအသီးသီး ဖွဲ့စည်းပြီး ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းပြီး အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးဆွေးနွေးခဲ့ ကြရာ၊ ဆွေးနွေးချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။  

ဇာဇာ(အထက်မင်းလှ)