သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းအမှတ်စဥ်(၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနား ကျင်းပ

မော်လမြိုင်    မတ်    ၂၂

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်းအမှတ်စဥ်(၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက(၆)ထပ်ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ယု၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသူ/ သား များတက်ရောက်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးတင်ယုက အဖွင့်အမှာစကားပြောကြားရာတွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်နေချိန်တွင် သဘာဝဘေးအန္တရာယ်သည်  အဟန့်အတားဖြစ်စေသော အရာတစ်ခုပင်ဖြစ်ကြောင်း သဘာဝဘေးပေါ်ပေါက်လာသည့်အခါ ဆုံးရှုံးမှုနည်းပါးသည်ထက်နည်းပါစေရန် ကြိုတင်မျှော်မှန်းဆောင်ရွက်သင့်သည်များကို ရေတိုရေရှည်စီမံချက်ဖြင့် စီမံဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ သဘာဝဘေးအန္တရာယ်များကိုတားဆီး၍မရသော်လည်း သဘာဝဘေး၏ အဖျက်စွမ်းအားများကို ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်းများဖြင့် လျော့ပါးသက်သာအောင် ဆောင်ရွက်သွားကြရန်၊ သင်တန်းသား/ သူများအနေဖြင့် သင်တန်းမှ ဆွေးနွေးပို့ချသွားမည့် စာတွေ့/လက်တွေ့သင်ခန်းစာများကို စနစ်တကျအရေးတယူ မှတ်သားလိုက်နာဆောင်ရွက်ကြရန် အထူးလိုအပ်ပါကြောင်း၊ သင်တန်းမှရရှိတဲ့ အသိပညာ၊ ဗဟုသုတအတွေ့အကြုံများနှင့် မိမိတို့ရပ်ကွက်အတွင်းရှိ ပြည်သူလူထု၏ အသက်အိုးအိမ်များကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်ချိုသက်ပိုင်ဝင်းမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် သင်တန်းသား/သူများနှင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့သည်။

အဆိုပါ သင်တန်းကို မတ်လ ၂၂ ရက်နေ့မှ ၂၄ရက်နေ့အထိ ၃ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး  သင်တန်းသား/သူ(၃၀)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)