ဒေးဒရဲ မတ် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကျုံဒူးဒါးမလိမ်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများက တောင်သူများအနေဖြင့် နွေစပါးအပြင် အခြားသီးနှံများဖြစ်သည့် ငရုတ်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။
ငရုတ်စိုက်ပျိုးခြင်းကို နှစ်စဥ် တန်ဆောင်းမုန်းလပြည့်ကျော်တွင် ကျင်းတူးစနစ်ဖြင့် တစ်ဧကလျှင် ကျင်း (၅၀၀၀) နှုန်း တူးဖော်၍ တစ်ကျင်းလျှင် (၉) ပင်နှုန်း စိုက်ပျိုးကာ ပေါင်းရှင်းခြင်း၊ ရေလောင်းခြင်းများကို မိသားစုအလိုက်စုပေါင်း ဆောင်ရွက်ခြင်းဖြင့် ကုန်ကျစရိတ်သက်သာပြီး တောင်သူများအနေဖြင့် လယ်ယာလုပ်ငန်းဖြင့် တွဲဖက်ကာ စိုက်ပျိုးနိုင်သည့် လုပ်ငန်းဖြစ်ပြီး စိုက်ပျိုးပြီး နှစ်လခွဲအကြာတွင် ရင့်မှည့်သော ငရုတ်သီးများကို ဆွတ်ခူး၍ နေလှမ်းအခြောက်ခံပြီး ရရှိလာသော ငရုတ်သီးများကိုစျေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။ ငရုတ်စိုက်ပျိုးရာတွင် တီစူပါ၊ ပုလဲ၊ ပေါ်တက် မြေသြဇာများကို သတ်မှတ်အချိုးအတိုင်း ကြဲပက်စိုက်ပျိုးခြင်းဖြင့် ငရုတ်တစ်ကျင်းလျှင် (၅)ကျပ်သားနှုန်းခန့် ရရှိသည့်အတွက် တစ်ဧကလျှင် ငရုတ်ပိဿာချိန် (၂၅၀)ခန့် ထွက်ရှိသည့်အတွက် ဒေသပေါက်စျေးဖြင့် ငရုတ်စိုက်ပျိုးသည့် တောင်သူများအနေဖြင့် မိသားစုဝင်ငွေ ပိုမိုတိုးတက်စေလျက်ရှိရာ လယ်ယာလုပ်ငန်းအပြင် အခြားသီးနှံများဖြစ်သည့် ငရုတ်၊ ပြောင်းများကိုလည်း လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
အေဇာလင်း