ဒလ မတ် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက်(၉)နာရီအချိန်က နွေရာသီ အခမဲ့ အခြေခံပန်းချီသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာဝင်းက နွေရာသီ ကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ပန်းချီအနုပညာဖန်တီးရာတွင်တီထွင်ကြံဆတတ်စေရန်၊ အရောင်များ ရွေးချယ်တတ်စေရန်၊ ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်စေရန်နှင့် လူတော်လူကောင်းလေးများ ဖြစ်လာစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက်သင်တန်းနည်းပြ ပန်းချီဆရာဦးစိုးမြင့်က ပန်းချီပညာအတွက်အခြေခံကျသည့် မျဉ်းကြောင်းရေးဆွဲနည်းများကိုစာတွေ့၊ လက်တွေ့ သင်ကြားပို့ချခဲ့သည်။
အဆိုပါသင်တန်းကို ကျောင်းသား၊ကျောင်းသူ (၃၀)ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ မတ်လ ၂၀ရက်နေ့မှ ၃၁ရက်နေ့အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်ဇော်(ပြန်/ ဆက်)