ဘိုကလေး မတ် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ ချဉ်ပေါင်စိုက် တောင်သူများ အနေဖြင့် ၎င်းတို့၏ ထွက်ကုန်ချဉ်ပေါင်များအား ဈေးကွက်အတွင်း ပို့ဆောင်ရောင်းချခြင်းဖြင့် နေစဉ်ပုံမှန်ဝင်ငွေရရှိလျက် ရှိသည်။
အဆိုပါ ချဉ်ပေါင်စိုက် တောင်သူများအား ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တွေ့ဆုံ မေးမြန်းရာ တောင်သူ ဒေါ်ခင်အေးမှ “ချဉ်ပေါင်ပင်က ရာသီ မရွေးစိုက်ပျိုးနိုင်တဲ့အတွက် ကျွန်မတို့အတွက် နေ့စဉ်ဝင်ငွေ ရရှိပါတယ်။ ရေဝပ်တဲ့နေရာတွေမှာ စိုက်ပျိုးလို့ မရတဲ့အတွက် ကျွန်မတို့က ဘောင်တင်ပြီး စိုက်ပါတယ်။” ဟူ၍ ချဉ်ပေါင်ပင် စိုက်ပျိုးပုံနှင့် ပတ်သတ်၍ ပြောကြားသည်။
ဈေးကွက်အနေဖြင့် တောင်သူများက ဈေးကွက်အတွင်းသို့ ချဉ်ပေါင်တစ်စီးလျှင် (၈၀)ကျပ်နှုန်း ပတ်ဝန်းကျင်ဖြင့် တင်ပို့ရ ပြီး တစ်နေ့လျှင် ချဉ်ပေါင်စိုက်တောင်သူ တစ်ဦးလျှင် ငွေကျပ် (၁၀၀၀၀) ကျော်ရရှိကြောင်း သိရသည်။
ဘိုကလေးမြို့နယ်တွင် မြန်မာချဉ်ပေါင်၊ ချဉ်ပေါင်နီ၊ လက်ချား ချဉ်ပေါင်တို့ စိုက်လေ့ရှိကြပြီး ချဉ်ပေါင်စေ့ ကျဲပြီး (၃)ရက်မှ (၅)ရက်အတွင်း အပင်ငယ်များ ဖြစ်လာကြောင်း၊ (၁)ဧကလျှင် မျိုးစေ့ (၆)ပြည် ကျဲစိုက်ရကြောင်းနှင့် စိုက်ပျိုးပြီး (၄၅)ရက်မှ (၆၀)ရက်အတွင်း ခူးဆွတ်ကာ ဈေးကွက်တင်ပို့နိုင်ခြင်းတို့ကြောင့် ချဉ်ပေါင်စိုက် တောင်သူများအနေဖြင့် ပုံမှန် ဝင်ငွေများ ရရှိလျက်ရှိကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)