သာစည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မိုးကြိုချည်မျှင်ရှည်ဝါ အသိပညာပေး စုပေါင်းစိုက်ပျိုးကွင်း သရုပ်ပြပွဲ ပြုလုပ်

သာစည် မတ် ၂၀

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မိုးကြိုချည်မျှင်ရှည်ဝါ စိုက်ဧကများ စနစ်တကျဖြင့် အချိန်မီ စိုက်ပျိုးနိုင်ရေးနှင့် ဝါတစ်ဧကချင်း အထွက်နှုန်း ကောင်းမွန်ရေးအတွက် ရည်ရွယ်၍ မိုးကြိုချည်မျှင်ရှည်ဝါ အသိပညာပေး စုပေါင်းစိုက်ပျိုးကွင်း သရုပ်ပြပွဲကို  ယနေ့  နံနက်  ၈ နာရီခွဲက   အောင်သာကျေးရွာအုပ်စု ကွင်းအမှတ်(၁၈၃၉)တောင်သူဦးမောင်ကိုနှင့် ဦးမောင်အုန်းတို့၏ မိုးကြိုချည်မျှင်ရှည်ဝါ (B.31)စိုက်ခင်းတွင် ပြုလုပ်ခဲ့ရာ   မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များ  တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဒေါ်ဌေးဌေးက မြို့နယ်အတွင်း မိုးကြိုချည်မျှင်ရှည်ဝါ ၁၉၈၂ ဧကကို မင်းလှကန်နှင့် မိတ္ထီလာကန်ရေတို့ဖြင့် ကျေးရွာအုပ်စု ၈ စုတွင်စိုက်ပျိုးရန် လျှာထားကြောင်း၊ အဆိုပါလျှာထားဧကတွင် အထူးအထွက်ကောင်းစပ်မျိုး (B.31)ဧက (၄၀၀)၊ ဝါမျိုးစေ့ထုတ်ရွှေတောင်(၈)ဝါ မျိုးဧက(၂၀၀)နှင့် ရွှေတောင်(၁၀)ဝါမျိုး(၁၃၈၂) ဧကတို့ဖြစ်ပြီး အချိန်မီ စနစ်တကျ စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးဝန်ထမ်းများက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးဝန်ထမ်းများနှင့် ဝါစိုက်တောင်သူများက မိုးကြိုချည်မျှင်ရှည်ဝါ (B.31)ကိုစုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)