ဖျာပုံ မတ် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမ၌ နွေရာသီအားလပ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကို တန်ဖိုးရှိရှိ အသုံးချတတ်စေရန် ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာသင်တန်း အခမဲ့ ဖွင့်လှစ်သင်ကြားပေးခြင်းကို ယနေ့ နံနက် (၁၁) နာရီအချိန်က အဆိုပါ ရုံးခန်းမတွင် ကျင်းပ ပြုလုပ်သည်။
အဆိုပါ သင်တန်းဖွင့်လှစ်ရာတွင် ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းအေးက အခြေခံအင်္ဂလိပ်စာ သင်တန်းအခမဲ့ ဖွင့်လှစ်သင်ကြားပေးရခြင်းနှင့် ပတ်သက်၍ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အငြိမ်းစားကျောင်းအုပ်ဆရာကြီး ဦးကျော်မြင့်က ယခုသင်ကြားပေးသည့် အခြေခံအင်္ဂလိပ်စာ သင်တန်းကို တက်ရောက်ကြသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အင်္ဂလိပ်စာကို အခြေခံ အလွယ်တကူ တတ်မြောက်သွားအောင် သင်ကြားပေးမှာဖြစ်ကြောင်း၊ ယခုအခြေခံ သင်တန်းအား ထိထိရောက်ရောက် သင်ကြားပို့ချ ပေးသွားမှာဖြစ်သည့်အတွက် တက်ရောက်သည့် သင်တန်းသား၊ သင်တန်းသူများကလည်း သင်တန်းကာလအတွင်း ပျက်ရက်မရှိ တက်ရောက်စေလိုကြောင်း ပြောကြားသည်။
ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဖွင့်လှစ်သည့် အခြေခံအင်္ဂလိပ်စာသင်တန်းသည် (၂၀-၃-၂၀၂၃) ရက်နေ့မှ (၃၀-၃၂၀၂၃) ရက်နေ့ထိ (၁၀)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးမှာဖြစ်ပြီး သင်တန်းသို့ သင်တန်း သား၊ သင်တန်းသူ (၃၀)ဦး တက်ရောက်ကြကြောင်း သိရသည်။
အောင်ဝင်းနိုင် (ဖျာပုံခရိုင်ပြန်/ဆက်)