ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် အင်္ဂလိပ်စာအခြေခံ Grammar နှင့် Speaking သင်တန်းဖွင့်လှစ်

ကျောက်ပန်းတောင်း မတ် ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျောင်း သားကျောင်းသူများ နွေရာသီအားလပ်ရက် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်အတွက်၊ အင်္ဂလိပ်စာ အခြေခံစကားပြောနှင့် Grammar  သင်တန်းဖွင့်ပွဲကို၊ ယနေ့ နံနက်(၁၀)နာရီက မြို့နယ် ပြန်/ဆက်ရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်က သင်တန်း ဖွင့်လှစ်ပေးရခြင်းရည်ရွယ်ချက်များနှင့် သင်တန်းအချိန်ဇယား၊ သင်တန်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး၊ သင်တန်းနည်းပြဆရာမ ဒေါ်နှင်းသုမာရီ (လေးရွာအ.ထ.က)က နှုတ်ခွန်းဆက် စကားပြောကြား၍ သင်တန်းတွင် သင်ကြားပို့ချပေးသွားမည့် အခြေအနေနှင့် အခြေခံအင်္ဂလိပ်စကားပြော သင်တန်းချိန်နှင့် Grammar  သင်တန်းချိန် ခွဲခြားသင်ကြားပေးသွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားကာ သင်တန်းဖွင့်ပွဲကို ရုပ်သိမ်းပြီး အချိန်ဇယားအလိုက် ဆက်လက်၍ သင်တန်းပို့ချပေး သည်။ အဆိုပါ အင်္ဂလိပ်စာ အခြေခံစကားပြောနှင့် Grammar  သင်တန်းကို Grade-4 မှ Grade-10 အထိ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၂၅)ဦး တက်ရောက်ကြမည် ဖြစ်ကြောင်းသိရပြီး၊ သင်တန်းကာလမှာ (၂၀-၃-၂၀၂၃)မှ (၃၁-၃-၂၀၂၃) အထိ (၁၀)ရက်ဖြစ်ကြောင်းနှင့် Grammar အခြေခံ  သင်တန်းကို နေ့စဉ် နံနက်(၁၀)နာရီမှ (၁၁)နာရီအထိလည်းကောင်း၊ အခြေခံ အင်္ဂလိပ်စကားပြော သင်တန်းကို မွန်းလွဲ(၁)နာ ရီမှ (၃)နာရီအထိလည်းကောင်း သင်ကြားပေးသွာမည်ဖြစ်ကြောင်း မြို့နယ် ဦးစီးအရာရှိ ဒေါ်မေသက်နွယ်ထံမှ သိရသည်။

အဆိုပါ အင်္ဂလိပ်စာ အခြေခံစကားပြောနှင့် Grammar  သင်တန်းဖွင့်ပွဲသို့ မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်နှင့် ဝန်ထမ်းများ၊ သင်တန်းနည်းပြဆရာမ ဒေါ်နှင်းသုမာရီ(လေးရွာအ.ထ.က) နှင့် သင်တန်းတက်ရောက်မည့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)