တပ်ကုန်းမြို့၌ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

တပ်ကုန်း မတ် ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကင်းသာကျေးရွာအုပ်စု၊ ကင်းသာကျေးရွာ၊ ရွှေဟင်္သာဘုန်းတော်ကြီးကျောင်းတွင် ဒုတိယအကြိမ်မြောက် နွေရာသီ ကျောင်းပိတ်ရက် ယဉ်ကျေးလိမ္မာသင်တန်းကို ကျောင်းထိုင်ဆရာတော် ဦးစန္ဒာသီရိ ခွင့်ပြုပြီး၊ ကင်းသာကျေးရွာအုပ်စု၊ အုပ်စုအုပ်ချုပ်ရေးမှူး ဦးဇော်ဝမ်း၊ ကျေးရွာ အုပ်စု ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးပိုတို့က ကြီးကြပ်မှုဖြင့်  မတ်လ ပထမပတ်က အဆိုပါကျောင်းတိုက်ရှိ ဓမ္မာရုံတွင် ဖွင့်လှစ် သင်ကြားပေးလျက်ရှိပြီး ယနေနံနက်ပိုင်းက ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့သည်။

အဆိုပါသင်တန်းဆင်းပွဲတွင် တက်ရောက်သည့် ယဉ်ကျေးလိမ္မာသင်တန်း ကျောင်းသား/သူများ၊ ကျောင်းသားမိဘများနှင့် ဧည့်ပရိသတ်များက  ရှောက်ကုန်းကျေးရွာ၊ မဟာအောင်မြေဘုန်းတော် ကြီးကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဦးဝိစာရိန္ဒထံမှ ငါးပါးသီလ ခံယူတည်ဆောက်ခဲ့ကြ ပြီးနောက် ဆရာတော်ဦးဝိစာရိန္ဒက  ယဉ်ကျေးလိမ္မာသင်တန်းတစ်လျှောက်လုံး ပါဝင်ကူညီလှူ ဒါန်းကြသည့် အလှူရှင်များအတွက်  လှူဒါန်းမှုအစုစုတို့ကို  ရေစက်သွန်းချအမျှပေးဝေခဲ့သည်။ ထို့နောက် တပ်ကုန်းမြို့နယ်ယဉ်ကျေးလိမ္မာအသင်းဥက္ကဋ္ဌ ဦးဇော်လွင်က ကျေးဇူးတင်စကား ပြောကြားပြီးနောက် ကျေးရွာအုပ်စုဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးပိုနှင့် တာဝန်ရှိသူများက သင်တန်းသား/ သူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်၍လည်းကောင်း၊ သင်တန်းသား/သူများက သင်တန်းနည်းပြဆရာ၊ ဆရာမများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ကန်တော့၍လည်းကောင်း၊ တာဝန်ရှိသူများက သင်တန်းသား/သူများကိုလည်း  လက်ဆောင်ပစ္စည်းများ မဲဖောက်ပေးအပ်ခဲ့ပြီး၊ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အောင်မြင်စွာ ကျင်းပခဲ့ပြီးနောက် တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။

အဆိုပါသင်တန်းကို  ကင်းသာကျေးရွာနှင့် ၁မိုင် ကျောက်ကွင်းမှ  ကျောင်းသား/သူပေါင်း ၁၈၀ ဦး တက်ရောက်ပြီး၊ သင်တန်းကာလကို မတ် ၈ ရက်မှ ၂၀ ရက်ထိ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ သင်တန်းနည်းပြ ဆရာ/ဆရာမပေါင်း ၁၆ ဦးဖြင့် အခြေခံဗုဒ္ဓဘာသာရပ်၊ ယဉ်ကျေးခြင်းဆိုင်ရာနှင့် သုံးဆယ်ရှစ်ဖြာမင်္ဂလာတော်များ သင်ကြားပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်