မြိတ်ခရိုင်အတွင်းရှိ ကျေးလက်နေပြည်သူများအတွက် ဆောင်ရွက်လျက်ရှိသော လမ်း/တံတားလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

မြိတ် မတ် ၂၀

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိ ကျေးလက်နေပြည်သူများအတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်သန်းပေါင်း(၅၀၀၀)ကျော်ဖြင့် ဆောင်ရွက်လျက်ရှိသည့် လမ်း/တံတားလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြိတ်ခရိုင် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

မြိတ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ငွေလုံး/ငွေရင်း ရန်ပုံငွေ ကျပ်(၇၄၄.၉)သန်းနှင့် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်(၄၂၉၆.၆၅၈၅)သန်းဖြင့် ကွန်ကရစ်လမ်း၊ ကျောက်ချောလမ်း၊ အမာခံလမ်း၊ ကွန်ကရစ်တံတား နှင့် Box Culvert စသည့် လမ်းလုပ်ငန်း (၂၆)ခုနှင့် တံတားလုပ်ငန်း(၈)ခုကို ဆောင်ရွက်ခဲ့ကြောင်း ခရိုင်ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးထံမှ သိရသည်။

ကျေးလက်နေပြည်သူများအတွက် လမ်း/တံတားလုပ်ငန်းများတွင် ကွန်ကရစ်လမ်း(၂)လမ်း (၀/၆)မိုင်၊ ကျောက်ချောလမ်း (၂၁) လမ်း (၃၀/၅.၅)မိုင်၊ အမာခံလမ်း(၃)လမ်း (၆/၂.၆၇)မိုင် လမ်းမိုင်စုစုပေါင်း (၃၇/၆.၁၇)မိုင်နှင့် ကွန်ကရစ်တံတား (ပေ-၁၈၀ အောက်) (၃)စင်း၊ Box Culvert (၈)စင်း စုစုပေါင်း(၁၁)စင်းကို  ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုနှင့်တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေများဖြင့် မြို့နယ်များအလိုက် ဆောင်ရွက်ခဲ့ကြရာ လမ်း/တံတား လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)