ငဖဲမြို့နယ် ထန်းကိုင်းကျေးရွာ၌ အာတာလွတ်ဥ ခေါ် ကလဝါးဥများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း

ငဖဲ မတ် ၂၀

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ် ထန်းကိုင်းကျေးရွာသည် ငဖဲ-စေတုတ္တရာကားလမ်းဘေးတွင် တည်ရှိ၍ ဒေသခံတောင်သူများအနေဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် ဉယျာဉ်ခြံမြေ စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိပြီး ရွာ၏အရှေ့ဘက်ကိုင်းမြေ ၁ ဧကရှိ ခြံထဲတွင် အာတာလွတ်ဥ ဒေသအခေါ် ကလဝါးဥပင်များ စိုက်ပျိုးထားရာအောင်မြင်ဖြစ်ထွန်းပြီး  မိသားစုစီးပွားရေး အဆင်ပြေလျက်ရှိကြောင်း ကလဝါးဥပင်များ စိုက်ပျိုးရောင်းချသူ လေးအိမ်စုကျေးရွာမှ တောင်သူ ဦးလှရွှေထံမှ သိရသည်။

အာတာလွတ်ပင်ကို စိုက်ပျိုးမည်ဆိုပါက ရှေးဦးစွာ ထယ်နှင့်ထွန်ကို နှစ်ကြိမ်၊ သုံးကြိမ်ထိ အမြစ်များ ကောင်းမွန်စွာထွက်ရန်အတွက် ထယ်ရေးနက်နက်ထိုး၍ မြေပြင်ပေးရကြောင်း၊ အပင်ပေါက်များကို တန်းကြား ၂ပေ ပင်ကြား ၁ပေ နှုန်းဖြင့်စိုက်ပျိုးထားရှိ၍ မြေအစိုဓာတ် အလုံအလောက်ရှိပါက ရေသွင်းပေးရန် မလိုကြောင်း၊ ယခုအခင်းကို ကဆုန်လဆန်းတွင် စတင်စိုက်ပျိုးခဲ့ရာ စိုက်ပျိုးပြီး ၈လခန့်အကြာတွင် ပင်စည်များကို ဖြတ်ထုတ်ကာ တူရွင်းဖြင့်တူးဆွပြီး ယနေ့ထိရိတ်သိမ်း ရောင်းချနေရကြောင်း၊  ကလဝါးဉ တစ်ပိသာလျှင် ငွေကျပ် ၁၀၀၀ မှ ၂၀၀၀ နှုန်းထိရောင်းချရ၍ တစ်နေ့လျှင် အချိန်ပိသာ ၁၀ ခန့် တူးဖော်ရောင်းချရကြောင်း၊ ကလဝါးဉများကို ခြံအတွင်း ဒသမ ၂၅ ဧကခန့် စိုက်ပျိုးထားရာ တစ်နှစ်လျှင် ရောင်းရငွေကျပ် ၁၅ သိန်းခန့် ရရှိကြောင်း၊ ကလဝါးဥများနှင့် အတူ ကညွတ်၊ ဗူးတို့ကိုစိုက်ပျိုးထားရှိပြီး ခြံထွက်သီးနှံများကို နေ့စဉ် ဖောက်သည်ပေးရောင်းချရကာ ပုံမှန်ဝင်ငွေရရှိ၍ စီးပွားရေး အဆင်ပြေကြောင်း လေးအိမ်စုကျေးရွာမှ ကလဝါးဥနှင့်သီးနှံများ စိုက်ပျိုးရောင်းချသူ တောင်သူ ဦးလှရွှေက ပြောကြားသည်။

မယု(ငဖဲ)