စစ်တွေ မတ် ၁၉
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ် ဝါဘိုကျေးရွာ၌ စစ်တွေမြို့၊ ခုတင် ၅၀၀ ဆံ့ အထွေထွေ ရောဂါကု ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက အခမဲ့ကွင်းဆင်းဆေးကုသနေမှုအား ကြည့်ရှုအားပေးပြီး ဒေသတွင်းစိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး ဒေသခံပြည်သူများနှင့်တွေ့ဆုံကြသည်။
ဦးစွာပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်စစ်တွေမြို့နယ်၊စစ်တွေ-ဝါဘိုလမ်းပေါ်ရှိဝါဘိုချောင်းကူး တံတား(၄၈၀) ပေ၊ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုကြရာ စီမံကိန်းရှင်းလင်းဆောင်၌ တံတားဦးစီးဌာန၊ တည်ဆောက်ရေး(၂) တံတားအထူးအဖွဲ့(၇)မှ တာဝန်ခံအင်ဂျင်နီယာက တံတားတည်ဆောက်ရေး လုပ်ငန်း ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သက်လွင်က ဖြည့်စွက် ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်ထားသည့် ဘဏ္ဍာငွေအပေါ်တွင် စံချိန် စံညွှန်းများနှင့် အညီ အကောင်းဆုံးဖြစ်အောင် စေတနာထားလုပ်ကိုင်ကြရန်လမ်းညွှန်မှာခဲ့သည်။ ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တံတားတည်ဆောက်ရေးလုပ်ငန်းခွင်အား လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။ ယင်းနောက် ပြည်နယ်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောကန်ကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွားအကောင်ရေ ၁၀၀ ကျော်မွေးမြူကြမည့် ပျိုးခင်းသစ်သမဝါယမအသင်း နွားမွေးမြူရေးတောင်သူများနှင့် တွေ့ဆုံပြီး မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝါဘိုကျေးရွာကျန်းမာရေးဌာနခွဲ၌ စစ်တွေမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ အသက်(၅) နှစ်အောက်ကလေးငယ်များအား အာဟာရစောင့်ရှောက်မှု လုပ်ငန်း ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးကြပြီး စားသောက်ဖွယ်ရာများပေးအပ်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝါဘိုကျေးရွာဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ၌ စစ်တွေမြို့၊ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက အခမဲ့ကွင်းဆင်းဆေးကုသနေမှုကို လှည့်လည် ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကြကာ ဆေးကုသမှုခံယူရန် ရောက်ရှိလာကြသည့် ဒေသခံပြည်သူများအား စားသောက်ဖွယ်ရာများပေးအပ်ကြသည်။
အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၏ အခမဲ့ကွင်းဆင်းဆေးကုသရေး အဖွဲ့တွင် အထွေထွေရောဂါကုသမားတော်ကြီး၊ သားဖွားမီယပ်အထူးကုဆရာဝန်ကြီး၊ စိတ်ရောဂါ အထူးကုဆရာဝန်ကြီး၊ ကလေးအထူးကုဆရာဝန်ကြီး၊ အရိုးအထူးကုဆရာဝန်ကြီး၊ နားနှာခေါင်း လည်ချောင်းအထူးကုဆရာဝန်ကြီးနှင့် သူနာပြုများပါဝင်ကြကြောင်းသိရသည်။
အဆိုပါအခမဲ့ဆေးကုသရေးအဖွဲ့သို့ ဝါဘိုကျေးရွာနှင့်အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံ ပြည်သူ ၃၀၀ ကျော်လာရောက်ဆေးကုသမှုခံယူခဲ့ကြကြောင်း သိရသည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါဘုန်းတော်ကြီးကျောင်း၌ ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကာ လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကြပြီး ဝါဘိုကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများနှင့်တွေ့ဆုံကြသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က ဝါဘိုကျေးရွာသည် မိဖဘိုးဘွားလက်ထက်က ဆင်းသက်လာသည့် ရိုးရာရက်ကန်းလုပ်ငန်းကို လုပ်ကိုင်နေကြသူများဖြစ်သည့်အတွက် ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း၊ အသစ်အသစ်များဝင်လာသော်လည်းအဟောင်းကို မေ့၍မရပါကြောင်း၊ အဟောင်းကို ဆန်းသစ်ရမည် ဖြစ်ကြောင်း၊ ယခင်မိမိတို့လာရောက်ခဲ့စဉ်ကထက် ဆန်းသစ်တီထွင်ထား သည်ကိုလည်းတွေ့ရပါကြောင်း၊ တန်ဖိုးလည်း မြင့်မားလာသည်ကို တွေ့ရပါကြောင်း၊ ပညာရပ် များသည် အဟောင်းများကို ဆန်းသစ်ယင်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရအဖွဲ့ကလည်း ယခုထက် တိုးတက်လာအောင် လုပ်ဆောင်ရန်၊ အခြေအနေ ကောင်းများဖန်တီးပေးနိုင်ရန် လာရောက်ခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မွေးမြူရေးအစုအဖွဲ့များ၊ ရက်ကန်းလုပ်ငန်းရှင်များ အစုအဖွဲ့များဖြင့် ပိုမိုတိုးတက်လာအောင် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများ၊လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းအတွက်၊ ဒေသအတွက်၊ ကျေးရွာဖွံ့ဖြိုးတိုး တက်ရေးအတွက် အကြံကောင်းများ၊ လိုအပ်ချက်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလို ကြောင်းပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသော ဝါဘိုကျေးရွာနှင့်အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများက ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ချေးငွေထုတ်ချေးပေးနိုင် ရေးနှင့် သောက်သုံးရေ ရရှိရေးစသည့် ဒေသအတွက်လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးတင်ပြကြကာ ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျေးရွာအတွင်း ရက်ကန်းရက်လုပ်နေမှုများအား လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
တင်ထွန်း(ပြန်/ဆက်)