သထုံမြို့နယ်၌ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

သထုံ     မတ်      ၁၇

မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့ပူးပေါင်းကာ မတ်လ ၁၇ ရက်နေ့၊ နံနက်ပိုင်းက ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ်ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက Talk Show အစီအစဉ် ကျင်းပ ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဦးကျော်စိုးမိုးနှင့် ယာဉ်စစ်ဆေးရေးမှူး(၂) ဦးအာကာစိုးတို့က ယာဉ်များအတွက် ဖောင်းကြွနံပါတ်ပြားအသစ်ပြုလုပ်ပေးခြင်းနှင့် လျောက်ထားနိုင်ရေး လိုအပ်သည့်အချက်များ၊ လမ်းအသုံးပြုသူ အားလုံးတို့အတွက် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး သိရှိမှတ်သားရမည့် လမ်းညွှန်အမှတ်အသားအမျိုးမျိုးနှင့် အသစ်ပြဋ္ဌာန်းထားသည့် လမ်းညွှန်အမှတ်အသားများ၊ လမ်းညွှန်အမှတ်အသားအမျိုးအစားများ၊ သတိထားရမည့်အချက်များ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ ဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များနှင့် ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းစေရေး ဆောင်ရန်/ဆောင်ရန်အချက်များစသည့် သိမှတ်ဖွယ်ရာများတို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

သထုံခရိုင်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် ပြည်သူအသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ်ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန်ပြုလုပ်‌လျက်ရှိကြောင်း သိရသည်။

နဒီ(ပြန်/ဆက်)