ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ အာဏာသက်ဝင်ခြင်းနှင့် စပ်လျဉ်းသည့်ဆွေးနွေးပွဲ အခမ်းအနား စီးပွားရေးရာဝန်ကြီးတက်ရောက်

မော်လမြိုင် မတ် ၁၇

မွန်ပြည်နယ်တွင် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေအာဏာသက်ဝင်ခြင်းနှင့်စပ်လျဉ်းသည့်ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်ကုန်စည်ဒိုင်ခန်းမ၌ ကျင်းပရာ မွန်ပြည်နယ် အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး နိုင်လယိတမ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အသေးစား၊ အလတ်စားနှင့် အငယ်စား စီးပွားရေး လုပ်ငန်းရှင်များ၊ CB ဘဏ် နှင့် AYA ဘဏ်တို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် စီးပွားရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ အာဏာသက်ဝင်ပြီးနောက် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် လျှောက်ထားခြင်းများကို လျှောက်လွှာလက်ခံမည့် ဌာနများမှတစ်ဆင့်လည်းကောင်း၊ အီလက်ထရောနစ် စနစ်မှတစ်ဆင့်လည်းကောင်း လက်ခံဆောင်ရွက်သွားမှာဖြစ်ပြီး ကုန်အမှတ် တံဆိပ်မူပိုင်ခွင့်ဥပဒေကို စတင်အကောင် အထည်ဖော်ဆောင်ရွက်နိုင်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း၊ အမှတ်တံဆိပ်ပိုင်ရှင်နှင့် အခွင့်အရေးရရှိသူတို့အနေဖြင့် အမှတ်တံဆိပ်မူပိုင်ခွင့် အခွင့်အရေးများကို ဥပဒေနှင့်အညီ ခံစားစေနိုင်မည်ဖြစ်ခြင်း၊ နိုင်ငံတော်မှ ထွက်ရှိသော ဒေသထုတ်ကုန်များ၏ အရည်အသွေးများကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး အာဏာသက်သက် ဝင်တော့မည့် ကုန်အမှတ်တံဆိပ်မူ ပိုင်ခွင့်ဥပဒေနှင့်စပ်လျဉ်းပြီး သိရှိလိုသည်များ၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် လျှောက်ထားခြင်းဆိုင်ရာများအပေါ် သိရှိလိုသည်များကို မေးမြန်းနိုင်ပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြစေလိုကြောင်း၊ မြန်မာနိုင်ငံ၏ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်မှတ်ပုံတင်စနစ် တည်ထောင်ခြင်းမှာလည်း မိမိတို့ရဲ့ကဏ္ဍအလိုက် အတူပူးပေါင်းပြီး အကောင်အထည်ဖော်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မိုးမိုးသွယ်မှ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ အာဏာသက်ဝင်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်းပြပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။

ယင်းနောက် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ မူပိုင်ခွင်ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ စိမ့်သန္တာထွန်းက အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာများနှင့် စပ်လျဥ်း၍ ဆွေးနွေးခြင်း၊ မူပိုင်ခွင်ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာအေးသီရိဝေမှ အမှတ်တံဆိပ်မှတ် ပုံတင်ခြင်းဆိုင်ရာလျှာက်လွှာပုံစံများနှင့်စပ်လျဥ်း၍ ဆွေးနွေးခြင်း၊ Ayar Bankနှင့် CB Bank တို့မှ တာဝန်ရှိသူတစ်ဦးက အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ အခကြေး ငွေပေးသွင်းခြင်းဆိုင်ရာ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ နှင့်လုပ်ထုံးလုပ်နည်းများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြရာ တက်ရောက် လာကြသည့် ဧည့်သည်တော်များ၏ မေးမြန်းချက်များကို တာဝန်ရှိသူများကလည်း ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ ဆက်)