ကျွန်းစုမြို့နယ် မင်းကြီးကျွန်းတွင် ရင်းနှီးမြုပ်နှံမှု အမေရိကန်ဒေါ်လာ (၁၁၅) သန်းခန့်ဖြင့် ပုစွန်မွေးမြူခြင်း၊ အေးခဲခြင်းနှင့် တင်ပို့ ရောင်းချခြင်း စီမံကိန်းဆောင်ရွက်

မြိတ် မတ် ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ရှိ ရေမြစ်ကြီးကျေးရွာအုပ်စု မင်းကြီးကျွန်းတွင် ကျားကြီးအော်ကျေးရွာ အနီးတွင် မြေဧရိယာ(၅၂၇.၉၄) ဧကပေါ်တွင် ရင်းနှီးမြုပ်နှံမှု အမေရိကန်ဒေါ်လာ(၁၁၅) သန်းခန့်ဖြင့် ပုစွန်မွေးမြူခြင်း၊ အေးခဲခြင်းနှင့် တင်ပို့ရောင်းချခြင်း စီမံကိန်းကို South Asia Qichang Seafood Trade Group Co., Ltd မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

မင်းကြီးကျွန်းမှာ ပြုလုပ်နေတဲ့ ပုစွန်မွေးမြူရေးစီမံကိန်းသည်  ရင်းနှီးမြုပ်နှံမှုအနေဖြင့် အမေရိကန်ဒေါ်လာ(၁၁၅)သန်း ရင်းနှီး မြုပ်နှံမှာဖြစ်ပါတယ်။ လက်ရှိလုပ်ငန်းပြီးစီးမှုအနေနဲ့ တည်ဆောက်ရေးလုပ်ငန်း (၇၀) ရာခိုင်နှုန်း လုပ်ငန်းပြီးစီးနေပြီဖြစ်ပါတယ်။ စီမံကိန်းကာလ(၃)နှစ်သတ်မှတ်ထားပါတယ်။ စီမံကိန်းကာလပြည့်ပြီး ပါကပုစွန်မွေးမြူတာနှင့် အအေးခန်းစက်ရုံလည်ပတ်ဖို့ ပြင်ဆင်ထားပါတယ်” ဟု South Asia Qichang Seafood Trade Group Co., Ltd စီမံကိန်း မန်နေဂျာ ဦးမိုးကျော်ဟန်က ပြောသည်။

ပုစွန်မွေးမြူရေးစီမံကိန်းကာလအတွင်း  စုစုပေါင်း ပုစွန်ကန် (၇၇) ကန်တူးဖော်မည်ဖြစ်ပြီး ပထမနှစ်တွင် ကန်(၃၂)ကန်အား အနည်းဆုံး (၁.၅)ဧက အကျယ်အဝန်းမှစ၍ တူးဖော်မည်ဖြစ်ကြောင်း၊ ပုစွန်သားပေါက်များကို ထိုင်းနိုင်ငံမှ မှာယူတင်သွင်းပြီး နိုင်ငံတကာ‌ဈေးကွက်ဝင် အရည်အသွေးပြည့်မီသော သန့်ရှင်းလတ်ဆတ်သည့် ပုစွန်များကို အဆက်မပြတ် မွေးမြူ ထုတ်လုပ်နိုင်ရန်အတွက် GAqP Guideline နှင့်အညီ ပုစွန်မွေးမြူထုတ်လုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

“စီမံကိန်းနှင့်ပတ်သက်ပြီး အဓိကတော့ ဒေသခံတွေနှင့် ပြည်သူလူထုတွေ အလုပ်အကိုင်ရရှိဖို့အတွက် ရည်ရွယ်ထားပါတယ်။ လုပ်ငန်းလည်ပတ်ပြီဆိုတာနဲ့ လုပ်သားအင်အား (၁၀၀၀)ကျော် အသုံးပြုသွားမှာဖြစ်ပါတယ်။ အနီးပတ်ဝန်းကျင်ကျေးရွာတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုပ်ငန်းလည်ပတ်ပြီဆိုတာနဲ့ ကျေးရွာများမီးရရှိရေး၊ သောက်သုံးရေရရှိရေးကိုလည်း စီစဉ်ဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ်” ဟု စီမံကိန်းမန်နေဂျာက ထပ်လောင်းပြောကြားသည်။

ရေငန်ပုစွန်မွေးမြူခြင်းနှင့် အအေးခန်းစက်ရုံတည်ဆောက်၍ ရေငန်ပုစွန်များအား အေးခဲပြုပြင်ထုတ်လုပ်ခြင်းစီမံကိန်း၏ ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်း (Environmental Impact Assessment-EIA) လုပ်ငန်းစဉ်၏ နယ်ပယ်အတိုင်းအတာ သတ်မှတ်ခြင်း (Scoping)လုပ်ငန်းကို E Guard Environmental Services မှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး နယ်ပယ် အတိုင်းအတာသတ်မှတ်ခြင်း (Scoping) လုပ်ငန်းဆိုင်ရာလုပ်ဆောင်မှုများ၊ စီမံကိန်းဆိုင်ရာ အချက်အလက်များ ရှင်းလင်း တင်ပြခြင်း၊ အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးခြင်းနှင့် သဘောထားရယူ ဆွေးနွေးခြင်းကို မတ်(၁၇)ရက် နံနက်ပိုင်းက မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးတွင် ကျင်းပခဲ့သည်။

ဆွေးနွေးရာတွင် စီမံကိန်းမန်‌နေဂျာ ဦးမိုးကျော်ဟန် က စီမံကိန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားပြီး နယ်ပယ် အတိုင်းတာသတ်မှတ်ခြင်း  အစီအရင်ခံစာအား E Guard Environmental Services မှ ဒါရိုက်တာ ဦးစိုးမင်း က ရှင်းလင်း ပြောကြားသည်။ ထိုနောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် ဒေသခံများမှ သိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။ ဆွေးနွေးပွဲသို့ ကျွန်းစုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)