မိုင်းခုတ် မတ် ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်သို့ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ စာအုပ်၊ စာစောင်များ လာရောက်လေ့လာဖတ်ရှုလျက်ရှိကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မိုင်းခုတ်မြို့ရုံးအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရေး Online မှတစ်ဆင့် ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်း အစီအစဉ်များလွှင့်တင်ပေးခြင်း၊ ကလေးစာဖတ်ခန်းဖွင့်လှစ်ကာ ကလေးစာဖတ်ခန်းအတွင်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ/အသင်းများမှ ရေးသားထုတ်ဝေသည့် ပုံပြင်နှင့် ကဗျာစာအုပ်များ၊ ရွှေသွေးဂျာနယ်များ၊ ကာတွန်းများ၊ ကလေးတို့အကြိုက် စာအုပ်စာစောင်များထားရှိပေးခြင်း၊ ကစားစရာပစ္စည်းများထားရှိပေးခြင်း၊ ကလေးများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်နှင့် ပျော်ရွှင်မှုရရှိစေရန် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပပေးခြင်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့အပြင် ကျောင်းသား၊ ကျောင်းသူများ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရရှိစေရန် ကလေးကစားကွင်းအား ဆောင်ရွက်ပေးထားရာ လာရောက်ဆော့ကစားကြသူများဖြင့်လည်း စည်ကားလျက်ရှိကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)