ကေ့ာကရိတ်မြို့၌ မော်တော်ယာဥ်များ ဖောင်းကြွနံပါတ်ပြားအသစ်များ အမြန်‌ပြောင်းလဲတပ်ဆင်ရေး အသိ‌‌ပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာ‌စောင်များ ဖြန့်‌‌ဝေပေး

ကေ့ာကရိတ် မတ်လ ၁၇

ကရင်ပြည်နယ်၊ ကေ့ာကရိတ်ခရိုင် ကေ့ာကရိတ်မြို့တွင် မော်တော်ယာဥ်များ ဖောင်းကြွနံပါတ်ပြား အသစ်များ အမြန်ပြောင်းလဲတပ်ဆင်နိုင်ရေး အသိပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက်(၈း၀) နာရီအချိန်က ကေ့ာကရိတ်မြို့အဝင် ကြာပန်းဝိုင်းလမ်းဆုံရှိ မြဝတီ-ကေ့ာကရိတ် အာရှလမ်းမ ကြီး၌ တာဝန်ရှိသူများက အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းတို့အား ပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ပြောင်းလဲတပ်ဆင်ပေးလျက်ရှိသည့် ယာဥ်များနှင့် အကျိုးကျေးဇူး၊ ဖောင်းကြွနံပါတ်ပြား အသစ်လျှောက်ထားရန် လိုအပ်သည့် အထောက်အထားများ၊ ဖောင်းကြွလဲလှယ်မှု ကြာမြင့်ကာလ၊ ဆောင်ရွက်နိုင်သည့် နည်းလမ်းများ၊ ဆက်သွယ်ရန်ဖုန်းနံပါတ်များ စသည့်အချက်အလက်များ ပါရှိပါသည်။

ကေ့ာကရိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသည် မော်တော်ယာဥ် ဖောင်းကြွနံပါတ်ပြား ကို ခေတ်ကာလနှင့်လျှော်ညီစွာ နိုင်ငံတကာတွင်အသုံးပြုနေသည် မော်တော်ယာဥ်နံပါတ်ပြားများနည်းတူ လုံခြုံရေးပိုင်းဆိုင်ရာအချက်အလက်များ (Security Feature)များ ထည့်သွင်းရိုက်နှိပ်၍ အသုံးပြုတပ်ဆင် ပေးလျက်ရှိပြီး (၁-၇-၂၀၂၁) ရက်နေ့မှစ၍     တိုင်းဒေသကြီး/ပြည်နယ် ဒေသဖော်ပြချက်ပါရှိရာအပြင် မြို့နယ် ဂဏန်းဖော်ပြချက်နှင့် မော်တော်ယာဥ်အမျိုးအစား ဖော်ပြချက်တို့ပါရှိသည့် ဖောင်းကြွနံပါတ်ပြား အသစ်များ ပြောင်းလဲတပ်ဆင်ဆောင်ရွက်ပေးထားကြောင်း ၄င်းဖောင်းကြွနံပါတ်ပြားအသစ်များအား နိုင်ငံပိုင် ဌာနဆိုင်ရာ မော်တော်ယာဥ်များ အဖွဲ့အစည်း အသီးသီးပိုင် မော်တော်ယာဥ်များ၊ ပုဂ္ဂလိကပိုင်မော်တော်ယာဥ်များ အနေဖြင့် (၃၁-၃-၂၀၂၃)ရက်နေ့တွင် အပြီးလဲလှယ်တပ်ဆင်နိုင်ရေး ယာဥ်မောင်းယာဥ်ပိုင်ရှင်များကို အသိပညာပေး  နှိုးဆော်စစ်ဆေးခဲ့ကြသည်။

ထိုသို့ အသိပညာပေး ဆောင်ရွက်ရာသို့ ကေ့ာကရိတ်ခရိုင်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌနှင့် ယာဥ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးကော်မတီဥက္ကဌမှ လာရောက်စစ်ဆေးခဲ့ပြီး ခရိုင်\မြို့နယ် ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကော်မတီအဖွဲ့ဝင်တို့မှ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခင်မျိုးဝင်း(ပြန်/ဆက်)