ထန်တလန် အောက်တိုဘာ ၁
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်တွင် ၂ဝ၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးကြမည့် ပြည်သူများ စိတ်ချလုံခြုံစွာမဲပေးနိုင်ရေးအတွက် လုံခြုံရေးတာဝန်ထမ်းဆောင်မည့်သူများကို အထူးရဲ သင်တန်း ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က ထန်တလန်မြို့ အမှတ်(၃) ရပ်ကွက်ရှိ Thantlang Association Baptist Church (TABC) Center ၌ ကျင်းပသည်။
အထူးရဲသင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ဆွေမြင့်က အဖွင့်အမှာစကား ပြောကြားပြီးနောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်က နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးအပြည့်အဝ ဆောင်ရွက်နိုင်ရေးအတွက် အထူးရဲများ ခန့်ထားခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းပွားက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်နိုင်ရေး အထူးရဲများသင်တန်းပေးမည့် ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေး ပြောကြား ပြီးနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး ဦးခင်အောင်လိန်းက ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်စပ်လျဉ်း၍ရှင်းလင်း ပြောကြားခဲ့ ကြောင်း သိရသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အထူးရဲ (၁၀၅) ဦးတို့တက်ရောက်ခဲ့ကြပြီး အဆိုပါ သင်တန်းကို ရက်သတ္တပတ်(၄)ပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း ထန်တလန်မြို့နယ် ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)