ဘားအံ မတ် ၁၇
(၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့နယ်၊ ကော့ကဒါကျေးရွာအုပ်စု၊ ကော့သကြားကျေးရွာ ကုန်ထုတ်လမ်းဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီခန့်က အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။
ကုန်ထုတ်လမ်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးခြင်းသည် လယ်ယာ၊ သားငါးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေပြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့် အခြားလယ်ယာ၊ သား၊ ငါး အခြေပြုစီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာကာ ထွက်ကုန်/ထုတ်ကုန်များကို ကုန်ကျစရိတ်အနည်းဆုံးနှင့် လျင်မြန်စွာရောက်ရှိစေခြင်းဖြင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုတိုးတက် မြင့်မားလာစေရန်ရည်ရွယ်ကြောင်း၊ မိမိတို့ကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်လိုစိတ်များကို မွေးမြူကြပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တန်ဖိုးထားကြရန် အကျိုးရှိရှိအသုံးပြကြရန်နှင့် နိုင်ငံတော်အစိုးရမှ ဆောင်ရွက်ပေးရန်လိုအပ်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း သက်ဆိုင်ရာဌာနများ အသီးသီးနှင့်ပေါင်းစပ်တင်ပြ ဆောင်ရွက်ခြင်းဖြင့် မိမိဒေသဖွံ့ဖြိုးအောင် ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးရန်မျိုးနိုင်က ကုန်ထုတ်လမ်းဆောင်ရွက်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဒေသခံတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ်ညွှန်ကြားရေးမှူးက ကုန်ထုတ်လမ်းဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်များအား လက်ရောက်ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များက ကော့သကြားကျေးရွာ ကုန်ထုတ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လမ်းအားဖြတ်သန်းကြည့်ရှု စစ်ဆေးကြကာ ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြသည်။
ယနေ့ဖွင့်လှစ်သည့် လှာကဒေါင်ကျေးရွာအုပ်စု၊ ကော့သကြားကျေးရွာ ကုန်ထုတ်လမ်းကို ပြည်နယ်အစိုးရရန်ပုံငွေကျပ် ၁၀၂ ဒဿမ ၃၁၁ သန်းဖြင့် အကျယ် ၁၂ ပေ ထု ၂ ပေ ၉ လက်မ အရှည် ၆ ဖာလုံရှိကုန်ထုတ်လမ်း၊ အရှည် ၃၀ ပေ အကျယ် ၁၄ ပေ အမြင့် ၈ ပေရှိ ကုန်ထုတ်ကွန်ကရစ်တံတားတစ်စင်း၊ Box Culvert ကုန်ထုတ်တံတား နှစ်စင်းတို့ကို သပြေရိပ်ကုမ္ပဏီမှ တင်ဒါအောင်မြင်ဆောင်ရွက်ပြီးစီး ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ လှာကဒေါင်ကျေးရွာအုပ်စုတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကော့ခလိုင်စိန်နှင့်ကော့တာမွန် (ရွာသစ်)ကျေးရွာများကို သောက်သုံးရေဖူလုံရေးအတွက် ရေပေးရေးလုပ်ငန်း (၂)ခု၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ရန်ပုံငွေဖြင့် သကော့ထကျေးရွာ၊ ကော့ဖထော်၊ ကော့ရာနှင့် တမံဦး ကျေးရွာများတွင်လည်း တစ်ရွာလျှင်ကျပ်သိန်း(၁၀၀)စီ ငွေကျပ်(၄၀၀)သိန်း၊ ပြည်သူထည့်ဝင်ငွေကျပ်(၁၄၀)သိန်း စုစုပေါင်း ၅၄၉ သိန်းဖြင့် ကျေးရွာအဝင်လမ်း ၄ လမ်းအရှည် တစ်မိုင်လေးဖာလုံအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)