ဒဂုံဆိပ်ကမ်း မတ် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်က မြို့နယ်အတွင်း ကျင်းပပြုလုပ်မည့် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲဖြေဆိုနိုင်ရေး၊ သံဃာတော်များအား ဆွမ်းလောင်းလှူပွဲတွင် သံဃာ(၂၅၀)ပါးအား ဆွမ်းဆပ်ကပ်လှူဒါန်းနိုင်ရေး၊ မဟာသင်္ကြန်ပွဲတော်တွင် ဌာနဆိုင်ရာများအနေဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးစေလိုကြောင်း၊ လုံခြုံရေးကိုအထူးဂရုပြုရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးလှကြည်က မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်မည့်အခြေအနေများ၊ နွေရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်သတိပြုကြစေလိုကြောင်း၊ တရားမဝင်ဓာတ်ဆီဆိုင်များ မရှိစေရေးအတွက် ကြပ်မတ်ဆောင်ရွက်ပေးဖို့ လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက်တက်ရောက်လာကြသော မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက မိမိတို့ဆောင်ရွက်နေသည့်လုပ်ငန်းများကို ဆွေးနွေးခဲ့ကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေးမဥ္ဇူ