မကွေး မတ် ၁၅
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီး ဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့(World Consumer Rights Day (2023) အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ကမ္ဘာသူ၊ ကမ္ဘာသားများ နေ့စဉ်ဖြတ်သန်းလျက်ရှိသော စား/ဝတ်/နေရေးဟူသည့် အရေးသုံးပါးနှင့်ပတ်သတ်ပြီး စားသုံးသူများကို ကာကွယ်ပေးရန်၊ မျှတသည့် စီးပွားရေးစနစ်ကို ဖော်ဆောင်ရန်၊ စီးပွားရေး ကျင့်ဝတ်နှင့်အညီ ဆောင်ရွက်သည့် လုပ်ငန်းများကို အားပေးရန်အတွက် စားသုံးသူကာကွယ်ရေး ဥပဒေများ ပြဋ္ဌာန်းပြီး စားသုံးသူပြည်သူများကို ကာကွယ်ပေးလျက်ရှိကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ၏ အခွင့်အရေး ရပိုင်ခွင့်များ အပြည့်အဝရရှိစေရန်၊ စားသုံးသူကာကွယ်ရေး လုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် သုတေသနလုပ်ငန်းများကို အဓိကထား ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ စားသုံးသူအသိပညာပေးခြင်း၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများ စိစစ်ဆောင်ရွက်ခြင်း၊ ကုန်စည်/ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ တိုင်ကြားလာမှုများအပေါ် စေ့စပ်ညှိနှိုင်း ဖြေရှင်းခြင်း စသည့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး စားသုံးသူကာကွယ်ရေးဥပဒေများ ပိုမိုခိုင်မာ အားကောင်းလာစေရေးနှင့် စားသုံးကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန် စားသုံးသူရေးရာဦးစီးဌာန ACCP (ASEAN Committee on Consumer Protection)နှင့် စားသုံးသူကာကွယ်ရေးကော်မတီ၏ အစည်းအဝးများကို တစ်နှစ်လျှင် (၂)ကြိမ် အင်္ဂလိပ်အက္ခရာ အစဉ်အလိုက် အာဆီယံနိုင်ငံများတွင် အလှည့်ကျ ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၇ ခုနှစ်၊ ၂၀၂၂ ခုနှစ်များတွင် အိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံကျင်းပနိုင်ခဲ့ပါကြောင်း၊ အာဆီယံ စားသုံးသူကာကွယ်ရေးကော်မတီအဖွဲ့ဝင် နိုင်ငံဖြစ်သည့်အတွက် အာဆီယံစားသုံးသူ မဟာဗျူဟာလုပ်ငန်း စီမံချက်လုပ်ငန်းစဉ်များကို အဖွဲ့ဝင်နိုင်ငံများနှင့် အတူ လိုက်ပါဆောင်ရွက် လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်းကို ၂၀၂၂ ခုနှစ်၊ မေလတွင် ကောက်ယူခဲ့ကြောင်း၊ စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်းကို “နည်းပါး၊ အသင့်အတင့်၊ မြင့်မား၊ ပြည့်ဝ”ဟု ရမှတ်များ အပေါ်မူတည်ကာ ခွဲခြားသတ်မှတ်ပြီး စစ်တမ်းမေးခွန်းလွှာများ ကောက်ယူခဲ့ပါကြောင်း၊ အဆိုပါစစ်တမ်းအရ မကွေးတိုင်းဒေသကြီးသည် စားသုံးသူစွမ်းဆောင်ရည် အညွှန်းကိန်းမှာ ပြည့်ဝသော်လည်း စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ အရှိန်အဟုန်မပျက် ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း၊ စားသုံးသူများ၏ လူမှုရေး မမျှတမှုများကို တိုက်ဖျက်နိုင်စေရန် စားသုံးသူအခွင့်အရေးနှင့် လိုအပ်ချက်များအကြောင်း ကမ္ဘာလုံးဆိုင်ရာ အသိပညာပေးသည့်နေ့ကို အထိမ်းအမှတ်ပြုသည့် နေ့ဖြစ်သောကြောင့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အခမ်းအနားကို ကမ္ဘာတစ်ဝှမ်းကျင်းပလျက်ရှိကြောင်း၊ မကွေးတိုင်းဒေသကြီးမှာလည်း ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ် ၂၀၁၆ ခုနှစ်မှစ၍ ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်တွင် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ လမ်းဆုံလမ်းမများ၌ ဗီနိုင်းပိုစတာများ ချိတ်ဆွဲခြင်း၊ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များတွင် စတစ်ကာများကပ်ခြင်းအပြင် အထိမ်းအမှတ်အခမ်းအနား ကျင်းပခြင်းတို့ကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့တွင် ကျရောက်သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် ဆောင်ပုဒ်မှာ “စားသုံးသူကဏ္ဍမြှင့်တင်ဖို့ သန့်ရှင်းစွမ်းအင်ကူးပြောင်းစို့” ဆိုသည့်အတိုင်း သန့်ရှင်းစွမ်းအင်ဆိုသည်မှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များဖြစ်ပြီး လေ၊ နေရာင်ခြည်၊ ဇီဝ၊ ရေအားလျှပ်စစ်စွမ်းအင် ဟူ၍ အမျိုးအစား(၄)မျိုးရှိကြောင်း၊ ၎င်းစွမ်းအင်များကို အသုံးပြုခြင်းဖြင့် ရေရှည်တွင် ကုန်ကျစရိတ် သက်သာစေသည့်အပြင် ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချနိုင်သည့်အတွက် ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတို့ကြောင့် ဖြစ်ပေါ်စေသည့် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုကို တားဆီးနိုင်ခြင်း၊ စွမ်းအင်လုံလောက်မှုစသည့် အကျိုးကျေးဇူးများ ရရှိစေမှာဖြစ်ကြောင်း၊ ယနေ့ကာလမှာ စီးပွားရေးလုပ်ငန်း အများစုသည် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ပြဿနာကို ပိုမိုနက်ရှိုင်းစွာ ရင်ဆိုင်နေကြရပြီး စားသုံးသူများအပေါ် အကျိုးသက်ရောက်မှု ပိုမိုဖြစ်ပေါ်စေကြောင်း၊ မြန်မာနိုင်ငံရှိ စားသုံးသူများအနေဖြင့် စားသုံးသူများ၏ အသိပညာဗဟုသုတကြွယ်ဝမြင့်မားလာသည်နှင့်အမျှ ရာသီဥတုနှင့် ဆက်စပ်နေသည့် သဘာဝဘေးအန္တရာယ်များကြောင့် ဖြစ်ပေါ်စေသည့် ဆိုးကျိုးများကို ရှောင်လွှဲ နိုင်မည်ဖြစ်ကြောင်း၊ သန့်ရှင်းစွမ်းအင်ကို ပြောင်းလဲသုံးစွဲခြင်းဖြင့် ဆန်းသစ်တီထွင်မှုနှင့် ရင်းနှီးမြှပ်နှံမှုများကို တွန်းအားပေးနိုင်၍ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပြီး နိုင်ငံ့စီးပွားရေး တိုးတက်မှုကို အကျိုးပြုစေမှာဖြစ်ကြောင်း၊ စားသုံးသူများ၏ ကျန်းမာရေးနှင့် လူနေမှု ဘဝမြှင့်တင်နိုင်ရေးအတွက် သန့်ရှင်းသောစွမ်းအင် နည်းပညာများကို သုံးစွဲရန် တိုက်တွန်းလိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့နှင့်ပတ်သက်၍ ဗွီဒီယိုမှတ်တမ်းများဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အကြီးအကဲများက တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ဗီနိုင်းပိုစတာများ ထုတ်ကုန်ပစ္စည်းနမူနာများအား လိုက်လံကြည့်ရှုခဲ့ကြကြောင်းနှင့် အခမ်းအနား ဒုတိယပိုင်းအဖြစ် စားသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူမှ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ တိုင်ကြားနိုင်သည့် နည်းလမ်းများအား ရှင်းလင်းဆွေးနွေးခြင်း၊ ဉာဏ်စမ်း မေးခွန်းများ မေးမြန်းခြင်း၊ အဖြေလွှာများ စစ်ဆေးခြင်းနှင့် ဆုချီးမြှင့်ခြင်းစသည့် အစီအစဉ်များ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မောင်ညီညာ