မုဒုံမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စစ်တုရင်သင်တန်းအခမဲ့ဖွင့်လှစ်

မုဒုံ မတ် ၁၅

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးတို့ဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မုဒုံမြို့နယ်လူထုအခြေပြုဗဟိုဌာနခန်းမ၌ စစ်တုရင်သင်တန်းကို အခမဲ့ဖွင့်လှစ်သည်။

သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မုဒုံမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက စစ်တုရင်သင်တန်းဖွင့်လှစ်ရခြင်းမှာ ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိူးရှိစွာအသုံးချတတ်စေရန်၊ ကာယစွမ်းအင်နှင့် ဉာဏစွမ်းရည်များ ပြည့်ဝစေရန်၊ ကျောင်းသား၊ ကျောင်းသူအချင်းချင်း ပိုမိုရင်းနှီးချစ်ခင်မှု ရရှိစေရန် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါစစ်တုရင်သင်တန်းကို မတ်လ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့ထိ သင်တန်းသား ၁၅ ဦးဖြင့် ငါးရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မုဒုံသူ