မိုင်းယု မတ် ၁၄
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်တို့၏ အသက်အိုးအိမ်ပစ္စည်းဥစ္စာများ မီးလောင်ဆုံးရှုံးမှုမရှိစေရန်အတွက် “မီးဘေးလုံခြုံရေးအသိပညာပေး” (Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးအားချာနှင့် မြို့လက်ထောက်မီးသတ်ဦးစီးမှူး ဦးစိုင်းအွန်ခမ်းတို့က မီးလောင်နိုင်သည့် နည်းလမ်းများ၊ ပြည်သူပိုင်ပစ္စည်းများ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုမရှိရေး၊ မီးကို သတိနှင့်အသိဖြင့်သုံးစွဲကြရန်၊ မတော်တဆဆီမီးလောင်ကျွမ်းခြင်းနှင့် ဂတ်(စ်)မီးဖိုမှ မီးလောင်ကျွမ်းမှုဖြစ်ပေါ်က မီးသတ်ဆေးဗူး(သို့) ရေစိုအဝတ်စဖြင့် မီးလောင်မှုကို မီးငြိမ်းသတ်စေရေး၊ ပြည်သူတို့အနေဖြင့် မီးဘေးလုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မီးလောင်ကျွမ်းမှုဖြစ်လျှင် ဆက်သွယ်ရန်နှင့် ကနေဦးမီးငြိမ်းသတ်နည်းများနှင့် တောမီး၊ ဂတ်(စ်)အိုး၊ လျှပ်စစ်နှင့် အခြားမီးများကို ပေါ့ဆစွာသုံးစွဲခြင်း၊ ကြံရွယ်ခြင်းများပြုလုပ်မိပါက ရရှိမည့်ပြစ်ဒဏ်များစသည့်တို့ကို အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြသည်။
နွေရာသီသို့ ကူးပြောင်းလာပြီဖြစ်၍ ပြည်သူများအနေဖြင့် မိမိတို့ပိုင်ဆိုင်သည့် အသက်အိုးအိမ်ပစ္စည်းများ၊ တောင်ယာစိုက်ခင်းများနှင့် ပတ်ဝန်းကျင်ရှိသူတစ်ပါးအိုးအိမ်များ မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုမရှိစေရန်အတွက် မီးဘေးလုံခြုံရေးအသိပညာပေး ဆွေးနွေးပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
ကိုကိုနိုင်