ဆီဆိုင်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေများ အဋ္ဌမအကြိမ်ထုတ်ချေး

ဆီဆိုင် မတ် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ လွယ်ပွတ်ကျေးရွာအုပ်စု၊ ထီရီးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ အဋ္ဌမအကြိမ် ပြန်လည်ထုတ်ချေးပေးခြင်းကို မတ်လ ၁၃ ရက် နံနက်ပိုင်းတွင် အဆိုပါ ကျေးရွာ၌ ထုတ်ချေးပေးခဲ့သည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထျာရယ်နှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းတို့က ကျေးရွာရှိ ရပ်မိရပ်ဖများ၊ မြစိမ်းရောင်အသင်းသား၊ အသင်းသူများ၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်း လုပ်ငန်းအဖွဲ့များနှင့် တွေ့ဆုံပြီး ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ အတိုးနှုန်းနှင့် သတ်မှတ်ချက်များ၊ ချေးငွေကာလတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြား သည်။

ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့များက လွယ်ပွတ်ကျေးရွာအုပ်စု၊ ထီရီးကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၁၉၇)ဦးတို့အတွက် ချေးငွေကျပ် ၆၀၃၀၀၀၀၀ (ခြောက်ရာ သုံးသိန်း)ကို ထုတ်ချေးပေးခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါကျေးရွာ၌ မြစိမ်းရောင် ကျေးရွာစီမံကိန်းကို  ၂၀၁၆-၂၀၁၇ ဘဏ္ဍရေး နှစ်မှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)