စစ်ကိုင်း မတ် ၁၅
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဘောလုံးဆပ် ကော်မတီ ဥက္ကဋ္ဌဖလား အမျိုးသား(လူသစ်တန်း) သုံးပွင့်ဆိုင် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့၊ ညနေပိုင်းက စစ်ကိုင်းမြို့မ အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သုံးပွင့်ဆိုင် ဘောလုံးပြိုင်ပွဲတွင် နောက်ဆုံးဗိုလ်လုပွဲအဖြစ် သွေးသစ်ဘောလုံးအသင်းနှင့် အင်အားဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အင်အားဘောလုံးအသင်းက နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင် ရရှိခဲ့ပြီး အနိုင်ရရှိခဲ့သည့် ဘောလုံးအသင်းနှင့် ပြိုင်ပွဲဝင်ဘောလုံးအသင်းတို့အား စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းစိန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမောင်စိုးနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရသည်။
စစ်ကိုင်းခရိုင်/ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် အားကစားပြိုင်ပွဲမျိုးစုံကို ပြိုင်ပွဲများ စဉ်ဆက်မပြတ်ကျင်းပ ပြုလုပ်ပေးနေသလို နွေရာသီကျောင်းပိတ်ရက်အတွင်း လူငယ်/ လူရွယ်လေးများအား အချိန်ကို အကျိုးရှိစွာ အသုံးချတက်စေရန် အားကစားများကိုလည်း လေ့ကျင့် သင်ကြားပေးနေလျက်ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင်