မုံရွာ မတ် ၁၄
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်များ အတွက် သက်တန့်ရောင်နှလုံးသား ရသဝတ္ထုတိုများ စာအုပ်မိတ်ဆက်ပွဲနှင့် စာအုပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ (၂)နာရီအချိန်က မုံရွာခရိုင် လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းက အဖွင့်အမှာစကားပြောကြားပြီးနောက် သက်တန့်ရောင် နှလုံးသား ရသဝတ္ထုတိုများစာအုပ် ကလောင်ရှင် အမျိုးသမီး ခုနစ်ဦးထဲမှ စာရေးဆရာမ ဒေါ်သိမ့်သိမ့်ဝင်း ကလောင်အမည် သိမ့်ဝတ်မှုန်ပြည့်စုံမိုးက သက်တန့်ရောင်နှလုံးသား ရသ ဝတ္ထုတိုများ စာအုပ်ပါ ကလောင်ရှင်ခုနစ်ဦး၏ အတွေ့အကြုံစုံလင်စွာဖြင့် ရသစုစည်း၍ စုပေါင်း ပြုစုရေးသားထုတ်ဝေထားရှိပါကြောင်းနှင့် လူငယ်လူရွယ်မောင်မယ်များအနေဖြင့် စာအုပ်စာပေ များကို လေ့လာ၍ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ကာ ကြိုးပမ်းဆောင်ရွက် ပြီး ရေးသားထားရှိပါကြောင်း၊ စာဖတ်သူများအတွက် ရသစာပေ ဖြစ်ပါသော်လည်း ဘဝအတွေ့ အကြုံများ ရရှိလာမည်ဖြစ်ကြောင်း မိတ်ဆက်စကားများ ပြောကြားပြီးနောက် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူ့စာကြည့်တိုက် (၄၆) တိုက်အတွက် စာအုပ်များကို ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးက လက်ခံ ရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းနှင့် ဝန်ထမ်းများ၊ မုံရွာမြို့နယ်စာရေးဆရာအသင်းမှ တာဝန်ရှိသူများ၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များ၊ သက်တန့်ရောင်နှလုံးသား ရသဝတ္ထုတိုများ ကလောင်ရှင် ခုနှစ်ဦးထဲမှ စာရေးဆရာမ သိမ့်ဝတ်မှုန်ပြည့်စုံမိုးနှင့် စာပေ ဝါသနာရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)