ကျောက်တံတား မတ် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၁၁)နာရီအချိန်က လူငယ်နှင့်ဆိုရှယ်မီဒီယာခေါင်းစဉ်ဖြင့်အသိ ပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်အေးမြကြည်က လူငယ်များ Facebook အသုံးပြုခြင်းကြောင့် ရရှိလာမည့်အကျိုးဆက်များ၊ အင်တာနက်အသုံးပြုပြီး လူငယ်လူရွယ်တွေဗဟုသုတရှာဖွေရတာမျိုးတွေရှိသလို အချို့အရာတွေသည်လူငယ်တွေရဲ့ဘဝနစ်မွန်းစေတာ မျိုးတွေလည်းဖြစ်နိုင်ကြောင်းစသည်တို့ကို ဆွေးနွေးခဲ့ပြီး ရုပ်သံ-၃ ဒေါ်သူဇာလွင်က နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်လူရွယ်လေးများ Facebook အသုံးပြုမည့်အစား မိမိတို့အတွက် အကျိုးရှိစေမည့်ဗလငါးတန်ဖွံ့ဖြိုးစေရေအတွက် ပညာဒါန(အခမဲ့)ဖွင့်လှစ်ပေးနေသည့် သင်တန်းများ၊ ကျန်းမာကြံ့ခိုင်စေရန် အားကစားသင်တန်းများတက်ရောက်ခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်စသည်ဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတများရရှိစေရန်အတွက် အသိပညာပေးဆွေးနွေးပွဲများ၊ ဟောပြောပွဲများပြပွဲ၊ ပြိုင်ပွဲများအားဆောင်ရွက်ပေးလျက်ရှိပြီး ပြည်သူ့စာကြည့်တိုက် Online Facebook Page မှလည်း ကလေးများအတွက် ပုံပြင်၊ ကဗျာရွတ်၊ စာအုပ်မိတ်ဆက်၊ အစီအစဉ်များနှင့် အခြားဗဟုသုတရဖွယ်ကဏ္ဍများကိုလည်း လွှင့်တင်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)