လွိုင်လင် မတ် ၁၄
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် ပြည်နယ်ဝန်ကြီးများသည် လွိုင်လင်ခရိုင်နှင့် မြို့နယ်ဒေသဖွံ့ဖြိုးရေးအတွက် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ ညနေ ၅ နာရီက နည်းပညာတက္ကသိုလ်(ပင်လုံ)ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် ဦးစွာ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်မှ ဒေသဆိုင်ရာ အချက်အလက်များကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြသည်။ ထို့နောက် တွေ့ဆုံပွဲတက်ရောက်လာကြသည့် ဌာဆိုင်ရာများ၊ ပြည်သူများ၏ကိုယ်စား လွိုင်လင် - ပင်လုံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ချက်များကို တင်ပြကြရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများမှ ပြန်လည်ရှင်းလင်း ပြောကြားကြသည်။ ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေး ဖြည့်ဆည်းဆောင်ရွက်ပေးကာ ဂုဏ်ပြုငွေများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်ထံ ပေးအပ်ပါသည်။ ယင်းနောက် နိုင်ငံ့စီးပွါးမြှင့်တင်ရေးထောက်ပံ့ရန်ပုံငွေဖြင့် အသေးစား၊ အလတ်စားလုပ်ငန်းရှင်များမှ ခင်းကျင်းပြသထားသည့် ပြခန်းများ လှည့်လည်ကြည်ရှု့ အားပေးကာ လုပ်ငန်းလိုအပ်ချက်များကို မှာကြားခဲ့သည်။ ထို့နောက် လွိုင်လင်ခရိုင်အတွင်းရှိ ပင်လုံတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (ပင်လုံ)နှင့် ကွန်ပျူတာတက္ကသိုလ်(ပင်လုံ)မှ ဆရာ/ဆရာမများအား ဂုဏ်ပြုငွေများပေးအပ်ရာ တက္ကသိုလ်အသီးသီး၏ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များက လက်ခံရယူကြပါသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)