ဘားအံ မတ် ၁၄
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ဒေသခံပြည်သူများ၊ ကျေးလက်နေပြည်သူများ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုဝင်များ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရေး အတွက် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် နေ့စဉ်ရောင်းချပေးလျက်ရှိရာ ယနေ့ မွန်းလွဲပိုင်းက ဘားအံမြို့ တရုတ်လှစံပြကျေးရွာ၌ အခြေခံစားသောက်ကုန်များ ဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများအား ရောင်းချပေးခဲ့ကြောင်း သိရသည်။
အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို ကရင်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှု၊ ဘားအံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆန်တစ်ပြည်လျှင် ငွေကျပ်၁၅၀၀/-နှုန်းဖြင့် လည်းကောင်း၊ ကြက်ဥတစ်လုံးလျှင် ငွေကျပ် ၁၅၀/- နှုန်းဖြင့် လည်းကောင်း၊ မြေပဲဆီ တစ်ဗူးလျှင် ငွေကျပ် ၄၀၀၀/- နှုန်းဖြင့်လည်းကောင်း သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံစားသောက်ကုန်များအား ဒေသခံပြည်သူများ၊ ကျေးလက်နေပြည်သူများ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုဝင်များ စားဝတ်နေရေး အဆင်ပြေစေရန် သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရန် ရည်ရွယ်၍ ရောင်းချပေးခြင်းဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)