ကျောက်ဆည်မြို့နယ် ရေပြစ်ကျေးရွာတွင်  နေ့စဉ်ဝင်ငွေရမည့် ခရမ်းသီးနှံများ တစ်နိုင်တစ်ပိုင် ပိုမိုစိုက်ပျိုးလာ

​ကျောက်ဆည် မတ် ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရေပြစ်ကျေးရွာတွင် နေ့စဉ်ဝင်ငွေရသည့် ကာလတို သီးနှံများ ဖြစ်သော ခရမ်းသီးနှံများ တစ်နိုင်တစ်ပိုင် ပိုမို စိုက်ပျိုးလာကြောင်း သိရသည်။

ခရမ်းသီးနှံအပြာမျိုးသည် အပင်အပြုအစုကောင်းပါက တစ်နှစ်ပတ်လုံးနီးပါး ခူးဆွတ်ရောင်းချရကြောင်း စိုက်ပျိုးပြီး(၄၅)ရက်တွင် စတင်ခူးဆွတ်ရပြီး အသီးလှိုင်ချိန်တွင် တစ်ရက်ခြား ခူးဆွတ်ရကြောင်း၊ ရောင်းဈေး အနေဖြင့် နေ့စဉ်ပြောင်းလဲနေသည့် ဈေးကွက်အပေါ်မူတည်ကာ တစ်ပိသာငွေကျပ်(၈၀၀)မှ(၁၁၀၀)ကျပ်အထိ ခူးဆွတ်ရောင်းချရကြောင်း ခရမ်းအပြာမျိုး (၀.၅၀)ဧက စိုက်ပျိုးထားသည့် တောင်သူဦးသန်းဌောက ပြေ၍ သိရသည်။

ခရမ်းသီးနှံစိုက်ပျိုးမည်ဆိုပါက အပင်သေပျောက်မှုမရှိစေရန်အတွက် ဦးစွာ ပျိုးအထုပ်များဖြင့် ပျိုးထောင်ပြီး ရက်ပေါင်း(၃၀)အကျော်တွင် သန်မာသည့်ပျိုးပင်များကို ရွေးချယ်စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် ရေသွင်း လွယ်ကူစေရန်အတွက် မြေဘောင်များပြုလုပ်ပြီး တစ်ပင်နှင့်တစ်ပင်(၄)ပေခန့်အကွာ စိုက်ပျိုးမှသာ ကိုင်းဖျာ ထွက်မှုကောင်းပြီး အသီးများပို၍သီးကြောင်း၊ အပင်ငယ်ချိန်တွင် မြေဆွခြင်း၊ ပေါင်းနှုတ်ခြင်းနှင့် လိုအပ်သည့် အခါ ပိုးမွှာကျရောက်မှုမရှိစေရေး ပိုးနှင်ဆေးများ အသုံးပြုရကြောင်းနှင့် အစိုဓာတ်မပြတ် ရေသွင်းပေးရကြောင်း သိရသည်။

သက်မောင်