ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲဆုချီးမြှင့်

ဘားအံ မတ် ၁၄

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက်(၁၈)နှစ်အောက် အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အဆင့်မြင့်အားကစားကွင်း၌ ကျင်းပခဲ့သည်။

ဦးစွာ ဗိုလ်လုပွဲစဉ်များအဖြစ် အမျိုးသား/အမျိုးသမီး မီတာ ၂၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ (၃၀၀ x ၄) အပြေးပြိုင်ပွဲများကိုကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်ဇနီးဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ ပြေး ခုန်ပစ်အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသား/အမျိုးသမီး မီတာ ၁၅၀၀ ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ ၄၀၀ ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး သုံးဆင့်ခုန်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး သံပြားပစ်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ ၃၀၀၀ ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး အလျားခုန်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး သံလုံးပစ်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ ၂၀၀ ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ(၁၀၀ x ၄)ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးက အမျိုးသမီး တံခွန်စိုက်ဆုဖလားရရှိသော ဘားအံမြို့နယ်အမျိုးသမီးပြေးခုန်ပစ်အသင်းအား ငွေသားဆု(၇)သိန်းနှင့်တံခွန်စိုက် ဆုဖလားကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အမျိုးသားတံခွန်စိုက်ဆုဖလားရရှိသော ဘားအံမြို့နယ်အမျိုးသားပြေးခုန်ပစ်အသင်းအား ငွေသားဆု(၇)သိန်းနှင့်တံခွန်စိုက်ဆုဖလားတို့ကိုလည်းကောင်း၊  အမျိုးသား/အမျိုးသမီး စုပေါင်းတံခွန်စိုက်ဆုဖလားရရှိသော ဘားအံမြို့နယ်ပြေးခုန်ပစ်အသင်းအား ငွေသားဆု (၁၀)သိန်းနှင့်စုပေါင်းတံခွန်စိုက်ဆုဖလားတို့ကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)