ပုဏ္ဏားကျွန်း မတ် ၁၄
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင် ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးနိုင်စေရေးအတွက် မီးဘေးဆိုင်ရာညွှန်ကြားချက်များအား ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ရည်ရွယ်၍ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ ယမန်နေ့ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်းသို့ မီးသတ်ယာဉ်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြသည်။
ထိုသို့အသိပေးနိုးဆော်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်သန်းထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်တို့က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များဖြစ်သည့် ပြည်သူများ၏နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်နှင့် မီးသတ်ဆေးဘူးစသည့် မီးဘေးကာကွယ်ရေး ပစ္စည်းများနှင့် ရေပိုရေလျှံများကို အသင့်ထားရှိကြရန်၊ လူနေအိမ်များတွင် လောင်စာဆီများ သိုလှောင်ထားခြင်း မပြုရန်၊ နေအိမ်တွင်တပ်ဆင်ထားသော ဟောင်းနွမ်းနေသော လျှပ်စစ်ဝါယာကြိုများနှင့် ပျက်စီးနေသော လျှပ်စစ်ပစ္စည်းများအား အသုံးမပြုကြရန်၊ မီးသွေးမီးဖိုဖြင့် ထမင်းဟင်းချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များကို စနစ်တကျ မီးငြှိမ်းသတ်ကြရန်၊ ညအိပ်ရာဝင်ချိန်တွင် ဖယောင်တိုင်မီး၊ အမွှေးတိုင်၊ ခြင်ဆေးခွေများအား ငြှိမ်းသတ်ပြီးမှအိပ်ကြပါရန်၊ မီးလောင်မှုများဖြစ်ပွားပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံး အကြောင်းကြားကြပါရန် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)